မြန်မာ၊ ကမ္ဘောဒီယား အပါအဝင် အရှေ့တောင်အာရှမှ ကျားဖြန့် ငွေလိမ်ဂိုဏ်းများ၏ နောက်ကွယ်တွင် တရုတ်အစိုးရရှိနေပြီး အမေရိကန်များကို ထိခိုက်စေရန် ပစ်မှတ်ထားလိမ်လည်နေဟု FBI ပြော

မြန်မာ၊ ကမ္ဘောဒီယား အပါအဝင် အရှေ့တောင်အာရှမှ ကျားဖြန့် ငွေလိမ်ဂိုဏ်းများ၏ နောက်ကွယ်တွင် တရုတ်အစိုးရရှိနေပြီး အမေရိကန်များကို ထိခိုက်စေရန် ပစ်မှတ်ထားလိမ်လည်နေဟု FBI ပြော
ရန်ကုန်၊ မတ် ၂၀
မြန်မာ၊ ကမ္ဘောဒီယား အပါအဝင် အရှေ့တောင်အာရှရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းများ၏ နောက်ကွယ်တွင် တရုတ်အစိုးရရှိနေပြီး အမေရိကန်ပြည်သူများကို ထိခိုက်စေရန် ပစ်မှတ်ထားလိမ်လည်နေကြောင်း အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့- FBI ညွှန်ကြားရေးမှူး ကတ်ရှ်ပါတေးလ်က ပြောဆိုသည်။
မတ်လ ၁၈ ရက်နေ့ အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေးဆိုင်ရာ အထူးကော်မတီကြားနာပွဲတွင် အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့- FBI ညွှန်ကြားရေးမှူး ကတ်ရှ်ပါတေးလ်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာ၊ ကမ္ဘောဒီးယား အပါအဝင် အရှေ့တောင်အာရှတစ်လွှားတွင် အခြေစိုက်၍ အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားလိမ်လည်နေသော အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam Syndicates) အများစုမှာ တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ပံ့ပိုးကူညီမှုဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း FBI ညွှန်ကြားရေးမှူးက ထုတ်ဖော်ပြောကြားလိုက်သည်။
FBI ညွှန်ကြားရေးမှူး ကတ်ရှ်ပါတေးလ်က အဆိုပါငွေလိမ်စင်တာအများစုမှာ ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် တည်ရှိနေကြောင်း ၊ တရုတ်ကွန်မြူနစ်ပါတီသည် အမေရိကန်ပြည်သူများကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ဖြင့် ထိုကျားဖြန့်ငွေလိမ်ဝင်းများကို တည်ဆောက်နိုင်အောင် နောက်ကွယ်မှ ကူညီပေးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဒီငွေလိမ်ဝင်းတွေဟာ အရှေ့တောင်အာရှကနေပြီး အမေရိကန်နိုင်ငံသားတွေနဲ့ သက်ကြီးရွယ်အိုတွေကို ငွေကြေးတွေ လိမ်လည်ခွာထုတ်နေတာ ဖြစ်ပါတယ်။ အမေရိကန်ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို ထိခိုက်စေမယ်ဆိုတာကို သိလို့ တရုတ်ကွန်မြူနစ်ပါတီ (CCP) က နောက်ကွယ်ကနေ ပံ့ပိုးပြီး ဒီဝင်းတွေကို တည်ဆောက်ပေးထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နောက်ထပ်လုပ်မှာကတော့ အဲဒီနိုင်ငံတွေထဲအထိ ဝင်သွားပြီး ငွေလိမ်ဂိုဏ်းဝင်း တစ်ခုမကျန် အကုန်လုံးကို ပိတ်ပစ်မှာပဲ ဖြစ်ပါတယ်”ဟု အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့- FBI ညွှန်ကြားရေးမှူး ကတ်ရှ်ပါတေးလ်က ပြောဆိုသည်။
လက်ရှိတွင် FBI အနေဖြင့် အွန်လိုင်းငွေလိမ်မှုများကို နှိမ်နင်းရန် အထူးစစ်ဆင်ရေးတစ်ခုကို စတင်နေပြီဖြစ်ကြောင်း၊ ထိုကျားဖြန့်ငွေလိမ်ဝင်းများအတွင်း အင်တာနက်ဖြတ်တောက်နိုင်ရန် ဒေသတွင်းအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နောက်ပိုင်းတွင် အဆိုပါနိုင်ငံများအတွင်းသို့ ဝင်ရောက်ကာ ငွေလိမ်ဂိုဏ်းဝင်းအားလုံးကို ချေမှုန်းမည်ဖြစ်ကြောင်း FBI ညွှန်ကြားရေးမှူးက ပြောဆိုသည်။
ထိုင်းအစိုးရနှင့် FBI ခေါ် အမေရိကန်ထောက်လှမ်းရေးအေးဂျင့်များ ပူးပေါင်း၍ မြန်မာနိုင်ငံ၊ မြဝတီမြို့အနီးရှိ ငွေလိမ်ဝင်းများကို ထိုင်းနိုင်ငံဘက်ခြမ်းမှနေ၍ အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်၍ ကျားဖြန့် ငွေလိမ်ကွန်ရက်များကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။