ဆီမရှိ မီးမလာဂယက် အများပြည်သူ စီးပွားပျက်ဦးမည်ဟုဆို

ဆီမရှိ မီးမလာဂယက် အများပြည်သူ စီးပွားပျက်ဦးမည်ဟုဆို
19 Mar 2026 By Ko Myo/MPA
စက်သုံးဆီ အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးခြင်း သည် ချိနဲ့နေသော စီးပွားရေးလုပ်ငန်းများကို တွန်းလှဲလိုက်သလိုပင်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အီလက်ထရောနစ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
စစ်ကော်မရှင်ထိန်းချုပ်နယ်မြေအတွင်းရှိ ပုဂ္ဂလိကယာဉ်များကို စုံ၊မနံပါတ်အလိုက် တစ်ရက်ခြားသာ စက်သုံးဆီ အကန့်အသတ်ဖြင့် ရောင်းချပြီးမကြာမီ မတ်လ၁၈ရက်မှ ဇွန်လအထိ အလှည့်ကျ ခွဲတမ်းဖြင့် လျှပ်စစ်မီးပေးတော့မည်ဟု စစ်ကော်မရှင် လျှပ် စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။
“အခု ရန်ကုန်မှာ မီးမလာလို့ မီးစက်မောင်းမယ်ဆိုရင်တော့ ဆီဘယ်မှာသွားဝယ်ရမှန်းမသိဘူး။ ပိုက်ဆံရှိတာတောင် ဆီဝယ်ဖို့မလွယ်တဲ့အခြေအနေမှာ အလုပ်တွေကို ဘယ်လိုလည်ပတ်ကြမလဲ။ အခု ဆီပြဿနာကြောင့် ကုန်ဈေးနှုန်းတက်နေပြီ။မီးမလာရင် ထပ်တက်ဦးမယ်။ဒါပေမဲ့၊အလှည့်ကျ မီးပေးမယ်ဆိုတာ မကြေညာခင်ကတည်းက ရန်ကုန်မှာ မီးပျက်တာတော့ ပျက်နေပါပြီ”ဟု ၎င်းက MPAသို့ပြောသည်။
လတ်တလောသတင်းများအရ တစ်ရက်လျှင် လျှပ်စစ်မီး ၈နာရီ အလှည့်ကျပေးမည်ဟု သိရသော် လည်း ၈နာရီဆိုသည်မှာလည်း မသေချာကြောင်း မြောက်ဥက္ကလာမြို့နယ်နေ အငြိမ်းစားလျှပ်စစ်ဝန် ထမ်းတစ်ဦးက ပြောသည်။
“စက်ရုံတွေက နဂိုကတည်းက ကုန်ကြမ်းသွင်းဖို့ခက်လို့ တိုင်ပတ်နေတာ။အခု ဆီမရှိတာနဲ့ မီးပျက်ဦး မှာနဲ့ဆိုတော့ မီးလာရင် အလုပ်လုပ်၊မီးမလာရင် နား။အလုပ်သမားတွေကို လျှော့ အဲဒီလို ပုံစံနဲ့ သွား ကြမှာပဲ”ဟု အီလက်ထရောနစ်လုပ်ငန်းရှင်က ဆိုသည်။
အာဏာမသိမ်းမီက ဝန်ထမ်းအင်အား ၇၀ခန့်ရှိသော ၎င်း၏ ကုမ္ပဏီသည် ယခုအခါ ဝန်ထမ်းအင်အား ၁၀ယောက်ကျော်ဖြင့် ကုမ္ပဏီမပြုတ်ရေးကိုသာ ဦးတည်ကာ လုပ်ငန်းလည်ပတ်နေကြောင်း ဆို သည်။
လှိုင်မြို့နယ်ရှိ အိမ်တွင်းမုန့်လုပ်ငန်းရှင်တစ်ဦးက “ဆီတော့ မဝယ်နိုင်ဘူး။မီးလာရင်လုပ်မယ်။မီးမလာ ရင် နားမယ်။ရသလောက်ပဲ၊ မတတ်နိုင်ဘူး။ကျနော်တို့ထက် ဆိုးတဲ့ဘဝတွေက အများကြီးပဲ။သန်း ခေါင်ထက် ညမနက်တော့ပါဘူး”ဟု ပြောသည်။
စစ်ကော်မရှင်က တရားမဝင်လွှတ်တော် ခေါ်နေသည့်အချိန်တွင် စက်သုံးဆီနှင့် လျှပ်စစ်မီးပြဿနာ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
စာတည်း-ML
ဓာတ်ပုံ-RSN
ပုံစာ- မီးပျက်နေသော ရန်ကုန်။(ပုံဟောင်း)
#စက်သုံးဆီပြတ်လပ်မှု #လျှပ်စစ်မီး #ရန်ကုန် #ကုန်ဈေးနှုန်း #MPA