နတ်ရေကန်ဗျူဟာအနီး တိုက်ပွဲဆက်ပြင်းထန်နေ

နတ်ရေကန်ဗျူဟာအနီး တိုက်ပွဲဆက်ပြင်းထန်နေ
မတ်-၁၈၊၂၀၂၆။ဇော်ရမ်း/People’s Spring

အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားတဲ့နတ်ရေကန်ဗျူဟာဘက်ကို အာဏာသိမ်း စစ်တပ်က စစ်ကူ​ပေးနိုင်ဖို့ မြေပြင်စစ်ကြောင်း အသေခံဝင်လာပြီး တိုက်ပွဲအလွန်ပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။
နတ်ရေကန်ဗျူဟာရဲ့ နောက်ဆုံးကာကင်းဖြစ်တဲ့ ကြက်ခြံကုန်းကာကင်းကို AAနဲ့ ပူးပေါင်းတပ်တွေက မတ်လဆန်းမှာ သိမ်းပိုက်လိုက်ပါတယ်။ အဲဒီနောက် နတ်​ရေကန်ဗျူဟာကို ဦးတည်တဲ့ အနီး
ကပ်စစ်ဆင်ရေးစတင်လိုက်တာ​ကြောင့် စစ်တပ်ကလည်း ပဇီရွာ နဲ့ ဂုတ်ကြီးရွာဘက်ကနေ ဗျူဟာကိုစစ်ကူပို့နိုင်ဖို့ စစ်ကြောင်းတွေအတင်းဝင်တိုးလာတာဖြစ်ပါတယ်။
“လေကြောင်းနဲ့ အသေခံဒရုန်းတွေက ဆက်တိုက်ကြဲတယ်။ မြေပြင်ကနေ အတင်းဝင်လာတယ်။ ပိတ်ဆို့ဖြတ်တောက်နေတာဖြစ်ပြီး တိုက်ပွဲက အပြင်းထန်ဆုံးဖြစ်နေတာ” လို့ ဒေသခံ၁သတင်းရင်းမြစ်ကပြောပါတယ်။
AAနဲ့ ပူးပေါင်းတပ်တွေက ကြက်ခြံကုန်းကာကင်းကိုသိမ်းယူလိုက်ပြီးတဲ့နောက် ဗျူဟာကို သိမ်းယူဖို့ စစ်ရေးအရှိန်မြှင့်ထားပါတယ်။ စစ်တပ်ကလည်း နတ်ရေကန်ဗျူဟာကနေ၂မိုင်ခန့်အကွာမှာရှိတဲ့ အရှေ့မြောက်ဘက်က ပဇီရွာနဲ့အရှေ့‌တောင်ဘက်က ဂုတ်ကြီးရွာကို အင်အားဖြည့်ပြီး စစ်ကြောင်းထိုးဖို့ ကြိုးစားနေပါတယ်။ပဇီရွာနဲ့ ဂုတ်ကြီးရွာမှာ မူလကတည်းက ခန့်မှန်းအင်အား ၁၅၀၀ ခန့်စီနဲ့ စစ်ရေးပြင်ဆင်ခဲ့သလို အင်အားထပ်ဖြည့်နေတာပါ။
ဒါအပြင်ပဒါန်းမြို့နယ်မှာရှိတဲ့ အမှတ်(၉၀၅)အ
မြောက်စခန်းကွပ်ကဲမှုဌာနချုပ်(အမတ)ကို မတ်လ ၈ရက်နေ့မှာ စစ်ကား ၂၉ စီးနဲ့ အင်အားတွေ ပို့ခဲ့ပါတယ်။ အဲ့ဒီကမှတဆင့် ပဇီရွာ နဲ့ ဂုတ်ကြီးရွာကို လက်နက်၊ ရိက္ခာနဲ့ လူအင်အား‌တွေပို့နေတာပါ။
မတ်လ ၁၀ ရက်နေ့ကတော့ပဇီရွာကနေ စစ်
ကြောင်းတစ်ကြောင်း၊ ဂုတ်ကြီးရွာကနေ စစ်
ကြောင်းတစ်ကြောင်းတက်လာလို့ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပါတယ်။AAနဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်လို့ သေဆုံးမှုတွေများပြီး လေကြောင်းပစ်ကူနဲ့ ပြန်လည်ဆုတ်ခွာ ထွက်‌ပြေးသွားတယ်လို့ သတင်းရရှိပါတယ်။ အဲ့ဒီနောက်ပိုင်း စစ်ကြောင်းတွေ ထပ်ဝင်လာနေတာလို့ စစ်‌ရေးသတင်းရင်းမြစ်ကပြောပါတယ်။
“အခုက စစ်သင်တန်းဆင်းတွေထိတာ။ဆေးကျွေး
ပြီး တိုးခိုင်းတာ။ထွက်ပြေးတာတွေရှိပေမယ့် ရှေ့
တန်းစစ်မြေပြင်ဆိုတော့ တော်တော်မလွယ်ဘူး”လို့ စစ်‌ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
နတ်ရေကန်ဗျူဟာကို ခုခံဖို့ စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းထောင်ချီပြီးရှေ့တန်းကိုပို့ခဲ့ပါတယ်။မြန်မာနိုင်ငံအနှံ့က လူငယ်တွေဂာ အတင်း
အကျပ်စစ်သားစုဆောင်းခံရပြီးစစ်မှုထမ်းသင်တန်းဆင်းတွေအဖြစ် စစ်ကောင်စီအတွက် စတေးနေကြရတယ်လို့AAက ထုတ်ပြန်ထားပါတယ်။
နတ်ရေကန်ဗျူဟာနဲ့ အမ်း-ပဒါန်း စစ်မြေပြင်မှာ စစ်မှုထမ်းသင်တန်းဆင်းတွေကို မူးယစ်ဆေးကျွေးပြီးစစ်တိုက်ခိုင်းတာတွေ၊ စစ်ကြောင်းရှေ့ဆုံးကနေ တိုက်ခိုင်းပြီး မိုင်းကွင်းကိုဖြတ်ခိုင်းတာတွေ၊ ကြောက်လန့်ပြီး ပြန်ဆုတ်လာသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်သတ်တာတွေရှိခဲ့တယ်လို့ AAထံ အလင်းဝင်ခဲ့တဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ နတ်ရေကန်ဗျူဟာနဲ့ ပဇီရွာ၊ဂုတ်ကြီးရွာတွေကို ‌AAနဲ့ ပူးပေါင်းတပ်တွေကဖြတ်တောက်ထားပါတယ်။ နတ်ရေကန်ဗျူဟာထဲက ကမ္ဘာလုံးပုံအဆောက်အအုံထဲမှာတော့ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆေးကုသပေးနေတယ်လို့သိရပါတယ်။
နတ်ရေကန်ဗျူဟာကုန်းဟာမကွေးတိုင်း၊ငဖဲမြို့
နယ်မှာ ရှိပါတယ်။ ရခိုင်ပြည်နယ်၊ မကွေးတိုင်း
နဲ့ ပဲခူးတိုင်းဆက်စပ်နေရာမှာရှိပြီး စစ်ရေးအရ အချက်အချာကျတဲ့ စစ်ကောင်စီရဲ့အမာခံစခန်းကြီးဖြစ်ပါတယ်။အခိုင်အမာကာကင်းစခန်းကြီး၁၀ခုထက်မနည်းရှိပါတယ်။ နတ်ရေကန်ဗျူဟာကုန်းကိုAAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့ပြီး ၁နှစ်ကျော်အတွင်းမှာ ကာကင်းစခန်းတွေအားလုံးကို သိမ်းယူခဲ့တာဖြစ်ပါတယ်။
လတ်တလော စစ်ရေးသတင်းတွေကို AAက မထုတ်ပြန်သေးပါဘူး။ လက်ရှိမှာ AAနဲ့စစ်ကောင်စီက ရခိုင်ပြည်နယ်ကျောက်ဖြူမြို့မှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်နဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်မှာလည်းတိုက်ပွဲ​တွေပြင်းထန်နေပြီး စစ်တပ်က ပုသိမ်လေတပ်၊ မှော်ဘီလေတပ်နဲ့ မကွေးလေတပ်တွေကနေ တက်တဲ့ တိုက်လေ
ယာဉ်တွေနဲ့ ဗုံးကြဲနေတယ်လို့ ​စစ်တပ်လေကြောင်းအန္တရာယ်ကိုစောင့်ကြည့်သတိ​ပေးနေတဲ့ အဖွဲ့တွေကနေ ထုတ်ပြန်ထားပါတယ်။
(နတ်​ရေကန် ဗျူဟာကို Google Earth မှာ​တွေ့ရစဥ် /ဗျူဟာမှာကမ္ဘာလုံးအ​ဆောက်အအုံနဲ့ ဗျူဟာအတွင်းမှစစ်သား​တွေကို ၂၀၂၅ နှစ်ကုန်ပိုင်းက​တွေ့ရစဥ်)