CDMများ နှင့် စစ်အာဏာရှင်ဆန့်ကျင်သူများကို ပတ်စ်ပို့ထုတ်မပေးရန် မင်းအောင်လှိုင်က နိုင်ငံကူးလက်မှတ် ဥပဒေအသစ် ပြဋ္ဌာန်း

CDMများ နှင့် စစ်အာဏာရှင်ဆန့်ကျင်သူများကို ပတ်စ်ပို့ထုတ်မပေးရန် မင်းအောင်လှိုင်က နိုင်ငံကူးလက်မှတ် ဥပဒေအသစ် ပြဋ္ဌာန်း
ရန်ကုန်၊ မတ် ၁၈
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်သူများ၊ CDM ဝန်ထမ်းများနှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိထားသူများကို နိုင်ငံကူးလက်မှတ် (Passport)များ ထုတ်မပေးရန် တားမြစ်ပိတ်ပင်သည့် “မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ” အသစ်တစ်ရပ်ကို ယမန်နေ့ မတ်လ ၁၇ ရက် ညပိုင်းတွင် ထုတ်ပြန်ပြဋ္ဌာန်းလိုက်သည်။
အဆိုပါဥပဒေသစ်၏ ပုဒ်မ ၂၉ တွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရန် ငြင်းပယ်နိုင်သည့် အချက်အလက်များကို ထည့်သွင်းထားရာ အထူးသဖြင့် ပုဒ်မခွဲ (စ) ပါ “နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးစီးပွားကို နှောင့် ယှက်ဖျက်ဆီးနိုင်သည်ဟု ယူဆရသူဖြစ်ခြင်း” ဆိုသည့် အချက်မှာ CDM များနှင့် နိုင်ငံရေးအရ ဆန့် ကျင် သူများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြည်ထဲရေးသတင်းရင်းမြစ်က “အရင်တုန်းကတော့ ဒါတွေကို ညွှန်ကြားချက်အဆင့်နဲ့ပဲ တားမြစ်ခဲ့တာပါ။ အခုကတော့ ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်တာဖြစ်တဲ့အတွက် CDM တွေနဲ့ နိုင်ငံရေးပုဒ်မနဲ့ အရေးယူခံထားရသူတွေဟာ ပုဒ်မ ၂၉ (စ) နဲ့ ငြိစွန်းပြီး ပတ်စ်ပို့ထုတ်ယူခွင့် တိတိကျကျ တားမြစ်လိုက်တာ” ဟု ပြောဆိုသည်။
ယင်းဥပဒေတွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများ၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) အရ စည်းကမ်း သတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ရထားသော်လည်း သတ်မှတ်ကာလ မပြည့်သေးသူများ၊နိုင်ငံသားအခွင့်အရေး: နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူများ၊ ပြည်ပမှ ပြန်လည်ပို့ဆောင်ခံရသူများ၊ ပြည်ပနိုင်ငံတစ်ခုခု၏ ဥပဒေကို ဖောက်ဖျက်၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် (Deport) ခံရသူများ၊ အမည်ပျက်စာရင်း (Blacklist)၊ ပြည်တွင်း/ပြည်ပတွင် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူခံထားရသူများကိုလည်း နိုင်ငံကူးလက်မှတ်ထုတ်မပေးရန် တားမြစ်ထားသည်။
ပြည်ထဲရေး ဒုဝန်ကြီးဦးဆောင်သော နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ပတ်စ်ပို့ အသစ်ထုတ်ပေးရန် ငြင်းပယ်နိုင်သည့်အပြင် ထုတ် ပေးပြီးသား ပတ်စ်ပို့များကိုလည်း အချိန်မရွေး ပယ်ဖျက် (Cancel/Revoke) လုပ်ပိုင်ခွင့် အပြည့်အဝရှိကြောင်း ပြဋ္ဌာန်းထားသည်။
ထို့အပြင် နိုင်ငံကူးလက်မှတ်ကို မမှန်ကန်သောနည်းလမ်းဖြင့် လျှောက်ထားခြင်း သို့မဟုတ် အတုပြုလုပ်ခြင်းများအတွက် အနည်းဆုံး ထောင်ဒဏ် ၃ လမှ အများဆုံး ၅ နှစ်အထိ ပြင်းထန်စွာ ချမှတ်သွားမည်ဖြစ်ကြောင်း ဥပဒေအရ သိရှိရသည်။