စစ်တိုင်းမှူးပြောင်းလဲပြီးနောက် ရန်ကုန်တွင် ပေါ်တာဆွဲ ဖမ်းဆီးမှု ပိုများလာ

စစ်တိုင်းမှူးပြောင်းလဲပြီးနောက် ရန်ကုန်တွင် ပေါ်တာဆွဲ ဖမ်းဆီးမှု ပိုများလာ
ရောင်နီ

မဇ္ဈိမ။ ။အာဏာသိမ်းစစ်ကော်မရှင်က စစ်တိုင်းမှူး အပြောင်းအလဲလုပ်ခဲ့သည့် ရန်ကုန်မြို့တွင် ဧည့်စာရင်းစစ်ဆေးမှုနှင့် ပေါ်တာဆွဲဖမ်းဆီးမှု ပိုများလာကြောင်း ရန်ကုန်မြေပြင်သတင်းများကို ဖော်ပြနေသည့် Rangoon Scout Network (RSN) တာဝန်ရှိသူထံက သိရသည်။
စစ်တိုင်းမှူးမပြောင်းခင် ဖေဖော်ဝါရီလအတွင်းက ပေါ်တာဆွဲခံရမှုနှင့် ဧည့်စာရင်း စစ်ဆေးဖမ်းဆီးခံရမှု စုစုပေါင်း ဖြစ်စဉ် ၅၂ ခုဖြစ်ပွားခဲ့ပြီး စစ်တိုင်းမှူးပြောင်းလဲပြီးနောက် ယခု မတ်လ နှစ်ပတ်အတွင်း အဖမ်းအဆီးဖြစ်စဥ် ၈၅ ခုအထိ ဖြစ်ပွားခဲ့ကြောင်း RSM ၏ စာရင်းအရသိရသည်။
“စစ်တိုင်းမှူးနေရာဆို ခုမတ်လ အစမှာပဲ လူလဲထားတာပါ။ အဲ့လူသစ်ရောက်လာပြီးနောက်မှာ အဖမ်းအဆီး အစစ်အဆေးတွေ ပြန်များလာတာ သတိထားမိပါတယ်” ဟု RSN တာဝန်ရှိသူက ပြောသည်။
သာကေတ ၊ တာမွေ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ အလုံ၊ လှိုင်၊ ကမာရွတ်၊ မရမ်းကုန်း နှင့် စမ်းချောင်းမြို့နယ်များတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်များကို မတ်လ ၁ ရက်မှ ၁၅ ရက်အတွင်း ကောက်ယူထားခြင်းဖြစ်သည်။
“လမ်းပေါ်သွားလာနေတုန်း ဖမ်းခံရတာ ၄၅ ဦးခန့်၊ အိမ်ထိရှာဖမ်းခံရသူ ငါးဦးခန့် နဲ့ ဧည့်စစ်ပြီး ဖမ်းခေါ်ငွေညစ်ခံရသူ ၃၅ ဦးခန့်ပါ။ နှစ်ပတ်ထဲ လမ်းပေါ် ပေါ်တာဆွဲဖမ်းခေါ်သွားတဲ့ ဖြစ်စဉ်တွေ တော်တော်များလာပါတယ်” ဟု RSN တာဝန်ရှိသူက ဆိုသည်။
ပြီးခဲ့သည့် မတ် ၂ ရက်တွင် စစ်ခေါင်းဆောင်က တိုင်းစစ်ဌာနချုပ် အပြောင်းအလဲများပြုလုပ်ရာတွင် ယခင် ရန်ကုန်စစ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းကို ရာထူးတိုးပေးကာ ယင်းနေရာတွင် ဗိုလ်မှူးချုပ် တင်မင်းလတ်ကို ပြောင်းလဲတာဝန်ပေးခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ် တင်မင်းလတ် ရန်ကုန်စစ်တိုင်းမှူးအဖြစ် စတင်တာဝန်ထမ်းဆောင်သည့် မတ်လ ၅ ရက်နေ နောက်ပိုင်းမှစ၍ မြို့နယ်အများစုတွင် စစ်ဆေးမှုနှင့် ဖမ်းဆီးမှုများ ပိုမိုမြင့်တက်လာခြင်းဟု ဆိုသည်။
လက်ရှိတွင် အာဏာသိမ်းစစ်ကော်မရှင်က လွတ်တော်ခေါ်ကာ အစိုးရအဖွဲ့ အသစ် အပြောင်းအလဲ ပြုလုပ်ရန် ပြင်ဆင်နေပြီး နောက်ပိုင်းတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာများပါ အပြောင်းအလဲ ပြုလုပ်လာနိုင်ကာ ဖမ်းဆီးမှုများ ယခုထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် လူပြတ်သည့် နေရာများနှင့် ညအချိန် သွားလာခြင်း၊ လမ်းဘေးထိုင်ကာ အရက်သောက်စားခြင်းများအား တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန် အသိပေးသည်။
“စစ်မှုထမ်းကိစ္စကိုလည်း ကိုယ့်ရပ်ကွက်ထဲ အမြဲနားစွင့်ထားပြီး တခုခုဆိုတာနဲ့ ရှောင်လို့ရအောင် ကြိုစုံစမ်းထားပါ၊ ပြင်ဆင်ထားကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟုလည်း ရန်ကုန်ဒေသခံတဦးက ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ရန်ကုန်မြို့ရှိ မြို့နယ်များတွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းစစ်ဆေးမှုများ၊ စစ်မှူထမ်းရန် ပေါ်တာဆွဲဖမ်းဆီးမှုများ မကြာခဏပြုလုပ်နေသည်။
အာဏာသိမ်းစစ်ကော်မရှင်တပ်က ၎င်းတို့ ထိန်းချုပ်ထားသည့် ရန်ကုန်မြို့ကို တည်ငြိမ်မှု ရှိစေရန်ကြိုးပမ်းနေသော်လည်း အာဏာသိမ်းကာလ ငါးနှစ်ကျော်လာချိန်အထိ ရန်ကုန်မြို့ရှိ စစ်ကော်မရှင်နှင့် သက်ဆိုင်သည့် နေရာများအား မြို့ပြပြောက်ကျားတပ်ဖွဲ့များက တိုက်ခိုက်မှုများပြုလုပ်နေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့၊ ညပိုင်းကလည်း ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် (၄၃) ရပ်ကွက်ရှိ အားကစားကွင်းအတွင်း တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ရာ နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြို့ပြကြွက်ကွန်ရက်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#ပေါ်တာဆွဲ
#ရန်ကုန်တိုင်းမှူး