■ ချင်းလက်နက်ကိုင် ZRA-EC တပ်ဖွဲ့ စစ်ကောင်စီနှင့် ပူးပေါင်းသွားဟုဆို

■ ချင်းလက်နက်ကိုင် ZRA-EC တပ်ဖွဲ့ စစ်ကောင်စီနှင့် ပူးပေါင်းသွားဟုဆို
Western News| မတ် ၁၇

ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း တစ်ခုဖြစ်သော ချင်းပြည် တွန်းဇံမြို့နယ် အခြေစိုက် ZRA-EC (Zomi Revolutionary Army- Eastern Command) တပ်မှာ အာဏာသိမ်း စစ်ကောင်စီတပ် လက်အောက်ခံအဖြစ် ပူးပေါင်းသွားကြောင်း သိရသည်။
ZRA-EC တပ်မှာ အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းသွားပြီဖြစ်ကြောင်း ချင်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် Zomi Federal Union (ZFU) / PDF-Zoland က မတ်လ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။
ဇိုမီးတော်လှန်ရေးတပ်မတော် – အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ZRA – EC) သည် စစ်ကောင်စီတပ်နှင့် လျှို့ဝှက်စွာ ဆက်သွယ်ခြင်း၊ လက်နက်ခဲယမ်းများ အကူအညီ ရယူခြင်းများ ယခင်က ရှိခဲ့သော်လည်း လက်ရှိတွင် အကြမ်းဖက် စစ်တပ်လက်အောက်ခံအဖြစ် ပူးပေါင်းသွားသည်မှာ ထင်ရှားသွားပြီဟု ဆိုသည်။
“ZRA-EC ကို ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ မျှော်လင့်ချက်တွေကို ကိုယ်စားပြုတဲ့ တော်လှန်ရေးအဖွဲ့အစည်းတစ်ခု အဖြစ် မသတ်မှတ်နိုင်တော့ဘူး။ သူတို့ရဲ့ လုပ်ရပ်တွေက စစ်ကောင်စီနဲ့ ပူးပေါင်း လည်ပတ်နေကြောင်း ညွှန်ပြနေပါတယ်” ဟု PDF-Zoland ထုတ်ပြန်ချက်က ဆိုသည်။
ZRA-EC သည် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် နီးနီးကပ်ကပ် ပူးပေါင်းကာ စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်များနှင့် စီမံချက်များကို အတူတကွ ချမှတ်ပြီး တပ်စခန်းများတွင် အတူတကွ နေထိုင်သွားလာခြင်းများ ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြောင်းလည်း PDF Zoland က ဆိုသည်။
ဇိုမီးတော်လှန်ရေးတပ်မတော် – အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ZRA – EC) သည် ချင်းပြည်နယ် မြောက်ပိုင်း ဇိုးမီးလူမျိုးစုများ အများဆုံးနေထိုင်ရာ တီးတိန်၊ တွန်းဇံ၊ ကျီခါးနှင့် ကလေးကဘော် ဒေသများတွင် အဓိက ခြေကုပ်ယူ လှုပ်ရှားသော အဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။
#WesternNews #WN #ချင်းတော်လှန်ရေး #ချင်းလက်နက်ကိုင်များ #ZRA-EC #စစ်ကောင်စီတပ်နှင့်ပူးပေါင်း