မြိတ်-ထားဝယ် လမ်းပိုင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ၍ ပြည်သူများ သွားလာခြင်း လုံးဝ မပြုလုပ်ရန် အသိပေး၊ စစ်တပ်က လေယာဉ်ဖြင့် နေ့စဉ် ဗုံးကျဲတိုက်ခိုက်

မြိတ်-ထားဝယ် လမ်းပိုင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ၍ ပြည်သူများ သွားလာခြင်း လုံးဝ မပြုလုပ်ရန် အသိပေး၊ စစ်တပ်က လေယာဉ်ဖြင့် နေ့စဉ် ဗုံးကျဲတိုက်ခိုက်
ရန်ကုန်၊ မတ် ၁၆

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် လမ်းပိုင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ၍ ပြည်သူများ သွားလာခြင်း လုံးဝ မပြုလုပ်ရန် အသိပေးလိုကြောင်း ဒေသပြည်သူများနှင့် ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၁၆ ရက်နေ့ထိ မြိတ်-ထားဝယ် လမ်းပိုင်းရှိ သရက်ချောင်းမြို့နယ်ဘက်နှင့် ပလောက်မြို့ဘက်တို့တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်တပ်က လမ်းပိုင်းအတွင်း သွားလာနေသော ကားများကိုလည်း လက်နက်ငယ်များဖြင့် လိုက်လံ ပစ်ခတ်မှုများရှိကြောင်း သိရသည်။
အဆိုပါ မြိတ်-ထားဝယ် လမ်းပိုင်းသည် တော်လှန်ရေးတပ်ဖွဲ့များက စစ်တပ်၏ ဝင်းဝစခန်းသိမ်း တိုက်ပွဲ စတင်ဖော်ဆောင်ခဲ့သည့် ဖေဖော်ဝါရီလပိုင်းမှ စတင်၍ တိုက်ပွဲများကြောင့် လမ်းပိုင်းပိတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲများ စတင်ဖြစ်ပွားချိန်မှစ၍ လက်ရှိချိန်ထိ လေယာဉ်ဖြင့် ကျေးရွာများကို ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရှိရသည်။
ယမန်နေ့ မတ်လ ၁၅ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ဝင်းဝစခန်းအနီးနှင့် မင်းဒပ်ရွာကို Y-12 လေယာဉ်ဖြင့် အကြိမ် ၅၀ ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ မတ်လ ၁၆ ရက်နေ့တွင် စစ်တပ်၏ Y-12 လေယာဉ်က သရက်ချောင်းမြို့နယ် အတွင်း ဆက်တိုက်ပျံဝဲနေဆဲဖြစ်ကြောင်း သိရသည်။
“မြိတ်-ထားဝယ် လမ်းပိုင်းက သွားလို့ မရသေးဘူး။ တိုက်ပွဲတွေက အခုထိရှိနေတုန်းပဲ စခန်းသိမ်းတိုက်ပွဲတွေကနေ ထွက်ပြေးတဲ့ စစ်ခွေးတွေနဲ့ စစ်ကူလာတဲ့ စစ်ခွေးတွေကို လိုက်လံတိုက်ခိုက်နေတာတွေရှိသေးတယ်။ စစ်ခွေးလော်ဘီတွေရဲ့ စကားကို ပြည်သူတွေ မယုံကြပါနဲ့ တိုက်ပွဲဖြစ်တာနဲ့ သွားတိုးရင် စစ်ခွေးတွေက လူသားဒိုင်းလုပ်တာတွေ ဖမ်းဆီးသတ်ဖြတ်တာတွေရှိလို့ မသွားကြဖို့ ပြောချင်တယ်။ တိုက်ပွဲတွေက သရက်ချောင်းနယ်ထဲမှာကော ပလောက် ဘက်မှာကော အခုချိန်ထိ ဖြစ်နေတုန်းပဲ လေယာဉ်တွေကလည်း ဆက်တိုက်ကို ဗုံးကျဲနေတယ်။ သရက်ချောင်းနယ်ထဲကို နေ့တိုင်းနီးပါး ဗုံးကျဲ တိုက်ခိုက်နေတာ” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ် အမှတ်(၈)လမ်းမကြီး မင်းဒပ်ကျေးရွာရှိ ဝင်းဝတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက မတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း စစ်တပ် ဘက်မှ ၆၇ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားပြီး လက်နက်မျိုးစုံ ၄၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အလားတူ ပုလောမြို့နယ်ရှိ တောင်ယာကမ်းကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက မတ်လ ၁၄ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦးသေဆုံးကာ လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။