စက်သုံးဆီအကြပ်အတည်းနဲ့ စစ်တပ် စီမံခန့်ခွဲမှုအလွဲတွေကြောင့် ကုန်စျေးနှုန်းနဲ့ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာ
မတ်-၁၆၊၂၀၂၆။မိုမို/People’s Spring
ပြည်တွင်းစက်သုံးဆီ အကြပ်အတည်းနဲ့ စစ်ကောင်စီအဖွဲ့ စီမံခန့်ခွဲမှုအလွဲတွေကြောင့် စားသောက်ကုန်တွေစျေးတက်တာနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတွေက ပြောပါတယ်။
ဒီတပတ်အတွင်းမှာပဲ နိုင်ငံရဲ့စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့က ကုန်စည်စျေးကွက်ထဲမှာ အခြေခံအစားအသောက်ဖြစ်တဲ့ ဆန်၊ဆီ၊ကြက်ဥနဲ့ အသားတွေဟာ ၁၀ ရာခိုင်နှုန်းဝန်းကျင် စျေးတက်ခဲ့တယ်လို့ ဆိုပါတယ်။
“စားဆီကပဲ ကျပ်၆၃၀၀၀ကနေ အခု ၇၀၀၀၀။ဒါတောင် ပစ္စည်းဟောင်းမို့တဲ့။အသစ်ကအဲ့စျေးမရဘူး”လို့ မြောက်ဒဂုံမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
ကြက်၊ဝက်၊ဆိတ်အစရှိတဲ့ အသားစျေးတွေကလည်း လက်လှမ်းမီဖို့ ခဲယဥ်းလာတယ်လို့ သူက ဆက်ပြောပါတယ်။
“ကြက်သားက အရင် တစ်ဆယ်သား ၃၅၀၀ ထိရသေးတယ်။အခုက တစ်ဆယ်သား ၄၅၀၀ ။ဆိတ်သားဆို တစ်သောင်းစျေး”လို့ ဆိုပါတယ်။
တစ်ရက်မောင်း၊ တစ်ရက်နားစနစ်နဲ့ မော်တော်ယာဥ်အသုံး ပြုရတာကြောင့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် မလုံလောက်သေးတဲ့ရန်ကုန်မြို့မှာ အငှားယာဥ်ရှားပါးမှုရဲ့အကျိုးဆက်တွေကနေ ယာဥ်ငှားခတွေကြီးမြင့်လာတယ်လို့လည်း အသက်(၄၀)အရွယ်ကုမ္ပဏီ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“အရင်ကဘုရင်နောင်ကို တက္ကစီဌားရင် ကျပ်၁၅၀၀၀ အခု ၂၅၀၀၀ ။မငှားနိုင်တော့ဘူး လေ။စော စောစီးစီး ဘတ်စ်ကားတိုးစီးလိုက်တယ်”လို့ သူက ပြောပါတယ်။
စစ်ကောင်စီရဲ့ စက်သုံးဆီကန့်သတ်ချက်တွေကြောင့် မြေပြင်သယ်ယူပို့ဆောင်ရေးမှာ ကုန်စည်သယ်ယူပို့ဆောင်ခ နှုန်းထားတွေဟာလည်း ထက်ဝက်နီးပါး တက်သွားတယ်လို့ သိရပါတယ်။
“ကုန်စည်ပို့ဆောင်ရေးပိုင်းက တွဲကာတချို့ရပ်ထားရတယ်။ မရပ်တဲ့ ကားတွေကလဲ သယ်ပို့စရိတ်တွေ နှစ်ဆ တက်တယ်”လို့ အဝေးပြေးကုန်စည်ပို့ဆောင် ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အခုလို စျေးနှုန်းကြီးမြင့်မှုကြုံတွေ့နေတဲ့မြန်မာနိုင်ငံဟာ စစ်ဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကနေ စက်သုံးဆီ အမှီပြုနေရတာနဲ့ ၅နှစ်အတွင်း ငွေကြေးဖောင်းပွမှု၊စီးပွားရေးကျဆင်းမှုရဲ့တိုက်ရိုက်သက်ရောက်မှုတွေကြောင့် ဆင့်ကဲဖြစ်လာတာလို့ ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုတွေနဲ့ ကန့်သတ်ချက်တွေကြောင့် တချို့မိသားစုတွေဟာ ထမင်းနပ်မှန်အောင်မစားနိုင်တော့ဘူးလို့လည်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး UNOCHAက မတ်လ ၉ ရက်က ထုတ်ပြန်ထားပါတယ်။
စီးပွားရေးဟာလည်း တောက်လျှောက်ကျဆင်းနေတာကြောင့် အခြေအနေတွေက တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာနေတယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေအဆမတန် ရိုက်ထုတ်မှုတွေကနေ ငွေကြေးဖောင်းပွမှုဆိုးရွားနေတဲ့ မြန်မာနိုင်ငံမှာ ပြည်ပငွေလဲလှယ်နှုန်း တွေအပြင် ပြည်တွင်းရွှေစျေးက စံချိန်တင် ဖြစ်နေပါတယ်။
နိုင်ငံငွေကြေးစနစ်ကို ထိန်းချုပ်ခဲ့တဲ့စစ်တပ်လက်အောက်မှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုက ၂၀၂၅မှာ မြန်မာ့ငွေကြေးဖောင်းပွမှု ၃၄ရာခိုင်နှုန်းထိရှိတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားပါတယ်။
ငွေစက္ကူအသစ်တွေ အလွန်အကျွံထုတ်မှုကနေ ငွေကြေးစီးဆင်းမှုများပြားလာတဲ့အခါ ဝယ်လိုအားမြင့်တက်လာပြီး ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေရဲ့ စျေးနှုန်းတွေမြင့်တက်လာနိုင်တဲ့အတွက် ငွေကြေးဖောင်းပွမှုနဲ့ ငွေကြေးတန်ဖိုးကျဆင်းတာတွေ ဖြစ်လာပါတယ်။
(ရန်ကုန်မြို့မှာ စက်သုံဆီရဖို့စီတန်းနေကြတဲ့ ကားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ)