မကြာခင် အဖြေပေါ်မယ့်နတ်ရေကန်ဗျူဟာတိုက်ပွဲ

မကြာခင် အဖြေပေါ်မယ့်နတ်ရေကန်ဗျူဟာတိုက်ပွဲ
ကဖေး/People’s Spring

စစ်ရေးအရအချက်အချာကျတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်က နတ်ရေကန်ဗျူဟာကုန်းရဲ့နောက်ဆုံးကာကင်းစခန်းကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေသိမ်းယူသွားပြီးတဲ့နောက် ဗျူဟာကတော့ အထီးကျန်ငိုချင်းတေးသွား ငြီးတွားနေရပါပြီ။
AAနဲ့ ပူးပေါင်းတပ်တွေ ၁ နစ်ကျော်ကြာတဲ့အထိ ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့ နတ်ရေကန်ဗျူဟာကုန်းသိမ်းစစ်ဆင်ရေးဟာ မတ်လဆန်းမှာတော့ ဗျူဟာကို ဝိုင်းထားတဲ့အခြေအနေအထိ အသာစီးရယူထားပါတယ်။
– စစ်ရေးအရဗျုဟာမြောက်တဲ့နတ်ရေကန်
မကွေးတိုင်း၊ ငဖဲမြို့နယ်က နတ်ရေကန်ဗျူဟာကုန်းဟာ ရခိုင်ပြည်နယ်၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းဆက်စပ်နေရာမှာရှိပြီး စစ်ရေးအရ အချက်အချာကျတဲ့ အာဏာသိမ်းစစ်တပ်ရဲ့အမာခံစခန်းကြီးဖြစ်ပါတယ်။အခိုင်အမာကာကင်းစခန်းကြီး၁၀ခုထက်မနည်းရှိပါတယ်။ရခိုင်ရိုးမပေါ်မှာ တည်ရှိပြီး
စစ်ကောင်စီလေကြောင်းရန်ကာကွယ်ရေးအထိုင်ချစခန်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က အမ်းမြို့နဲ့ မကွေးတိုင်းက ပဒါန်းမြို့ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်း လမ်းမပေါ်ကရခိုင်ရိုးမကို ကျော်ဖြတ်ရာမှာ အချက်အချာကျတဲ့ နေရာဖြစ်ပါတယ်။
AAနဲ့ မဟာမိတ်တပ်တွေမကွေးတိုင်းထဲသို့ ထိုးဖောက်ဝင်ရောက်မယ့်လမ်းကို ကာဖို့ စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ် ဗျူဟာကုန်းလည်း ဖြစ်ပါတယ်။ မကွေးတိုင်းနဲ့ ပဲခူးတိုင်းထဲက ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ)တွေကို ကာဖို့ စစ်ကောင်စီက အခိုင်အမာပြင်ဆင်ထားတဲ့နေရာလည်းဖြစ်ပါတယ်။ နတ်ရေကန်ကန်ဗျူဟာကိုသာ တော်လှန်ရေးတပ်တွေကထိန်းချုပ်နိုင်ခဲ့ရင်ဆိုတဲ့ ခြောက်အိပ်မက်က စစ်ကောင်စီတပ်ကို အမြဲတစေခြောက်လှန့်နေခဲ့တာဖြစ်ပါတယ်။
-AAရဲ့စစ်ဆင်ရေးစတင်ခြင်းနဲ့ စစ်ကောင်စီရဲ့ ဝရုန်းသုန်းကားနေ့ရက်များ
နတ်ရေကန်ဗျူဟာကုန်းသိမ်းမယ့်စစ်ဆင်ရေးကို AA နဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ခဲ့ပါတယ်။အဲဒီအချိန်တုန်းက ဒေသတွင်း စစ်ဆင်ရေးနဲ့ ခုခံစစ်တွေကို တပ်မ(၉၉)က တာဝန်ယူခဲ့တာပါ။ တိုက်ပွဲမှာ အထိနာပြီး ကာကင်းစခန်းတွေ တစ်ခုကြီးတစ်ခု လက်လွှတ်ရတဲ့အတွက် စစ်ကောင်စီက တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်ကို မေလထဲမှာ ပြန်ဖမ်းပြီး ဟားခါးအခြေချ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးစိုးဝင်းထွန်းကို တပ်မ(၉၉) တပ်မမှူးတာဝန်ပေးခဲ့ပါတယ်။ ထိုးစစ်စတင်တဲ့ ဖေဖော်ဝါရီလထဲမှာတင် တပ်မ (၉၉) လက်အောက်ခံ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့ကယာယီနည်းဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်နဲ့ ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးအပြင် စစ်သုံ့ပန်းအများအပြားကို AAက ဖမ်းဆီးခဲ့ပါတယ်။
စစ်ကောင်စီက တပ်မ(၉၉) လက်အောက်ခံတပ်ရင်းတွေအစား ရှမ်းတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၁၇နဲ့ တပ်မ(၈၈) လက် အောက်ခံတပ်ရင်း‌တွေကို ထပ်မံပို့ဆောင်ခဲ့ပါတယ်။ စကခ၁၇ လက်အောက်ခံတပ်ရင်းတွေဟာ ၂၀၂၅ခုနှစ်အတွင်းက ရှမ်းမြောက်စစ်ဆင်ရေးမှာ အောင်မြင်လို့ဆိုပြီး AAကို တိုက်ခိုက်ဖို့ အမိန့်ပေးခံရတာပါ။ ဒါပေမယ့် AAနဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်နဲ့ ခုခံစစ်ဗျုဟာတွေထဲမှာစကခ(၁၇)လည်း အရာရှိတွေပါ သေဆုံးခဲ့ပြီး အထိနာခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
AAဦး ဆောင်တဲ့ နတ်ရေကန်ဗျူဟာသိမ်းစစ်ဆင်ရေးဟာ တပ်မ(၉၉) တပ်မမှူးကို ပြန်အရေးယူရတာအပါအဝင်စစ်ကောင်စီကို အကြိမ်ကြိမ် ရုပ်ပျက်ဆင်းပျက်ဖြစ်စေခဲ့ပါတယ်။ AAက ထိုးစစ်စတင်တဲ့ဖေဖော်ဝါရီလမှာတင် နတ်ရေကန်လေကြောင်းရန်ကာကွယ်‌ရေးစခန်းမှာ တပ်ဆင်ထားတဲ့ ရေဒါကို စစ်တပ်က ဖြုတ်သိမ်းပြီး ရွှေ့ပြောင်းခဲ့ရပါတယ်။P-18 Early Warning Radar လို့ ခေါ်ပြီး အကွာအဝေးကီလိုမီတာ၂၅၀( ၁၅၅မိုင်ခန့်) အထိ စောင့်ကြည့်ထောက်လှမ်းနိုင်တဲ့အဲဒီ ရေဒါဟာဘင်္ဂလားဒေရှ်နိုင်ငံရဲ့ လေကြောင်းလှုပ်ရှားမှုတွေကိုစောင့်ကြည့်ထောက်လှမ်းဖို့ တပ်ဆင်ထားတာဖြစ်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့(MDSI)က ထုတ်ပြန်ထားပါတယ်။
စစ်ရေးသတင်းကို သိုသိုသိပ်သိပ်ထားတတ်တဲ့ AAက နတ်ရေကန်ဗျူဟာကိုချေမှုန်းတဲ့တိုက်ပွဲသတင်းတွေ ပြင်ပကို အကျယ်တဝင့်ထွက်မလာပေမယ့် အတွင်းစည်းမှာတော့ စစ်တပ်ဟာ စိတ်ပိုင်းရော ၊ရုပ်ပိုင်းပါ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီဟာ ရှေ့တန်းကတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်မိသားစုဝင်တွေ စိတ်ဓာတ်မကျအောင် လုပ်ကြံဇာတ်လမ်းတွေနဲ့ဝါဒဖြန့်ခဲ့ပါသေးတယ်။ တပ်မ (၉၉) လက်အောက်ခံ၊ ခမရ (၁၀၉)ဟာ ပြီးခဲ့တဲ့၂၀၂၅ စက်တင်ဘာလဆန်းမှာ မိခင်တပ်ရင်းဆီကို တိုက်ပွဲမှ မသေတဲ့ စစ်သားအနည်းငယ်သာပြန်နိုင်ခဲ့ပေမယ့် အောင်ပွဲနဲ့ ပြန်လာသယောင် ကြိုဆိုရေးလုပ်ပြခဲ့ပါတယ်။
တပ်မမှူးဖမ်းဆီးခံရ၊ ယာယီနည်းဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီးနဲ့ ဗျူဟာရုံးအဖွဲ့ဝင်တွေ စစ်သုံ့ပန်းဖြစ်နေချိန်အပြင် ရှေ့တန်းမှာ အတုံးအရုံးကျဆုံးနေတဲ့ကြားကနေ လုပ်ကြံအောင်ပွဲခံခဲ့တာပါ။ စစ်ဆင်ရေးမှာ အောင်မြင်မှုရခဲ့ဟန်နဲ့ ရှေ့တန်းပြန်အခမ်းအနား ပြုလုပ်နေတာဟာ စစ်မြေပြင်အရှုံးကို ဖုံးကွယ်ဖို့ကြိုးစားနေတာဖြစ်တယ်လို့ AAက ထုတ်ပြန်ခဲ့ပါတယ်။
နတ်ရေကန်ဗျူဟာစခန်းသိမ်းတိုက်ပွဲဟာ ပြီးခဲ့တဲ့၂၀၂၅မတ်လကုန်မှာတော့ တိုက်ပွဲတွေရပ်တန့်သွားခဲ့ပါတယ်။ မတ်လ ၂၈ရက်နေ့က စစ်ကိုင်းနဲ့မန္တလေးကို ဗဟိုပြုလှုပ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုတွေကိုပြန်လည်ထူထောင်ရေးအတွက် AAက ယာယီအပစ်ရပ်ခဲ့တာပါ။ ဒါပေမယ့်ာစစ်တပ်က အဲဒီအချိန်မှာပဲအင်အားတွေဖြည့်ခဲ့ပါတယ်။ နောက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းရော မြေပြင်ကပါ ပြန်လည်ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေပြင်ပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်လို့ AA ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဗျူဟာကုန်းကို အပြီးသတ်သိမ်းယူဖို့အတွက် လက်ကျန်တပ်စခန်းတချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AAက ၂၀၂၅ အောက်တိုဘာလမှာ သတင်းထုတ်ပြန်ခဲ့တာပါ။
မတ်လဆန်းမှာတော့ AAနဲ့ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေး တစ်ဆင့်မြင့်လာပြီး နတ်ရေကန်ဗျူဟာနဲ့ ကိုက် ၁၀၀၀ခန့်အကွာက နောက်ဆုံးကာကင်းဖြစ်တဲ့ ကြက်ခြံကုန်းကာကင်းကိုသိမ်းယူလိုက်ပါတယ်။ ဗျူဟာကို သိမ်းယူမယ့်စစ်ဆင်ရေး အရှိန်မြှင့်နေပြီလို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ထုတ်ပြောလာပါတယ်။ စစ်ဆင်ရေးကာလတလျှောက်လုံး စစ်ရေးသတင်းတွေကို သိုသိပ်ကြတဲ့ စစ်ရေးသတင်းရင်းမြစ်တွေကိုယ်တိုင်က တိုက်ပွဲရလဒ်တွေကို ဂုဏ်ယူနေပြီး လူထုဆီ စတင်းစကားပါးလာတာဖြစ်ပါတယ်။
– နတ်ရေကန်ထဲက အမိမဲ့သားကျောမွဲများ
နတ်ရေကန်ဗျူဟာကို ခုခံဖို့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်းထောင်ချီပြီး ရှေ့တန်းကိုပို့ခဲ့ပါတယ်။ မြန်မာနိုင်ငံအနှံ့က လူငယ်တွေဂာ အတင်းအကျပ်စစ်သားစုဆောင်းခံရပြီးစစ်မှုထမ်းသင်တန်းဆင်းတွေအဖြစ် စစ်ကောင်စီအတွက် စတေးနေကြရတယ်လို့AAနဲ့ မဟာမိတ်တွေက သက်သေနဲ့တကွထုတ်ပြခဲ့ပါတယ်။
ဗျူဟာနဲ့ အမ်း-ပဒါန်း စစ်မြေပြင်မှာ စစ်မှုထမ်းသင်တန်းဆင်းတွေကို မူးယစ်ဆေးကျွေးပြီးစစ်တိုက်ခိုင်းတာတွေ၊ စစ်ကြောင်းရှေ့ဆုံးကနေ တိုက်ခိုင်းပြီး မိုင်းကွင်းကိုဖြတ်ခိုင်းတာတွေ၊ ကြောက်လန့်ပြီး ပြန်ဆုတ်လာသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်သတ်တာတွေရှိခဲ့တယ်လို့ AAထံ အလင်းဝင်ခဲ့တဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ကျတော့်ရှေ့မှာတင် သူငယ်ချင်းတစ်ယောက်က နောက်က အရာရှိပစ်လို့ နောက်စေ့ပွင့်သွားတယ်” လို့စစ်မှုထမ်းသင်တန်းဆင်းတပ်သားတစ်ဦးရဲ့ထွက်ဆိုချက်ရုပ်သံဖိုင်ကို AA က ၂၀၂၅ ဇူလိုင်လ ၁၅ရက်ညနေမှာ ထုတ်ပြခဲ့ပြီး နတ်ရေကန်ဗျူဟာအတွင်းစည်းက ငရဲခန်းကို ဖွင့်ချပြခဲ့ပါတယ်။
ထွက်ပြေးသူတွေ ပြန်ဖမ်းမိပါက စစ်မြေပြင်တိုက်ပွဲကြားမှာ ကြိုးတုပ်ထားတာ‌တွေ၊ စစ်မတိုက်ချင်လို့ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် ပြန်ပစ်သူတွေကိုလည်း ဆေးမကုဘဲ ချုပ်နှောင်ထား‌တာတွေရှိတယ်လို့ အဲဒီစစ်မှုထမ်းသင်တန်းဆင်းက ပြောခဲ့ပါတယ်။ နှိပ်စက်ခံရတဲ့ ပြည်သူ့စစ်သက်တန်းဆင်းတစ်ဦးက စစ်ကောင်စီအရာရှိကို ဝါးရင်းတုတ်နဲ့ ရိုက်သတ်ခဲ့ပြီး စစ်သင်တန်းဆင်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်က ပြန်ရိုက်သတ်ခဲ့တယ်လို့ဆိုပါတယ်။စစ်သုံ့ပန်းဖြစ်သွားတဲ့ ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ကလည်း ၎င်းတို့ထံမှာ တပ်ရင်းတစ်ရင်းကို တပ်ဖွဲ့ဝင်ဆယ်ဂဏန်းခန့်သာရှိပြီး တိုက်လိုခိုက်လိုစိတ်နဲ့ ယုံကြည်မှုမရှိတော့ကြောင်း၊ AAတပ်ဖွဲ့ဝင်တွေက ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး ယုံကြည်ချက်အတိုင်းတိုက်ပွဲဝင်နေကြတာတွေ့တယ်လို့ ဖြောင့်ချက်ပေးခဲ့ပါတယ်။
စစ်ဆင်ရေး ဖော်ဆောင်နေစဉ်မှာပဲ လက်နက်ချအလင်းဝင်လိုသူတွေကို AAနဲ့ မဟာမိတ်တပ်တွေက မကြာခဏဖိတ်ခေါ်ခဲ့ပါတယ်။၁ နှစ်ကျော်ကြာအတွင်း အလင်းဝင်သူ ၁၀၀၀ ဦးထက်မကရှိခဲ့ပြီး နေရပ်ပြန်သွားသူတွေရှိသလို ပြန်စရာနေရာမရှိလို့ လက်ရှိအထိ ထိန်းသိမ်းစောင့်ရှောက်ပေးထားရသူတွေလည်းရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။
ဒါတွေဟာ နတ်ရေကန်ဗျူဟာရဲ့ ကာကင်းစခန်းတွေ AAအပြီးသတ်မသိမ်းယူမီ တိုက်ပွဲကြားကအခြေအနေတွေဖြစ်ပါတယ်။ အခုဆိုရင်တော့ ထီးထီးကြီးကျန်နေတဲ့ ဗျူဟာနဲ့ ကမ္ဘာလုံးပုံအဆောက်အအုံထဲမှာ သွေးပျက်နေတဲ့ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခုခုံဖို့အမိန့်နဲ့ ချောင်ပိတ်နေကြပြီလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
စစ်ကောင်စီက ဗျူဟာရဲ့အရှေ့မြောက်ဘက် နဲ့ အရှေ့‌တောင်ဘက် ၂ မိုင်ခန့်အကွာမှာရှိတဲ့ ပဇီရွာနဲ့ ဂုတ်ကြီးရွာကို အခိုင်အမာတပ်စွဲထားပြီး ခုခံဖို့ပြင်ဆင်နေပါတယ်။ ပဒါန်းမြို့နယ်မှာရှိတဲ့ အမှတ်(၉၀၅)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်(အမတ)ကို လက်နက်ခဲယမ်းနဲ့ အင်အားတွေ ပို့ပြီး တဲ့ ပဇီရွာနဲ့ ဂုတ်ကြီးရွာကို အင်အားဖြည့်နေပါတယ်။ AAနဲ့ ပူးပေါင်းတပ်တွေကလည်းနတ်ရေကန်ဗျူဟာနဲ့ ပဇီရွာ၊ဂုတ်ကြီးရွာတွေကို ‌ဖြတ်တောက်ထားပါတယ်။ဗျူဟာထဲကိုစစ်တပ်ကလေကြောင်းကနေ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေ ထပ်မံပို့ဆောင်နေပါတယ်။ ပဇီရွာနဲ့ ဂုတ်ကြီးရွာကဘက်ကနေ စစ်ကြောင်းထိုးဖို့ကြိုးစားနေလို့ AAနဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေပါတယ်။
မတ်လ ၁၀ရက်မနက်မှာတင် ပဇီရွာနဲ့ ဂုတ်ကြီးရွာဘက်ကနေ ဝင်လာတဲ့ စစ်တပ် စစ်ကြောင်း ၂ကြောင်းကို AAနဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်လို့ သေဆုံးမှုတွေများပြီး လေကြောင်းပစ်ကူနဲ့ ပြန်လည်ဆုတ်ခွာ ထွက်‌ပြေးသွားတယ်လို့ သတင်းရရှိပါတယ်။စစ်ကောင်စီကလည်း ဗျူဟာကုန်းမကျရေးအတွက် လေကြောင်းပစ်ကူနဲ့ အပြင်းအထန် ခုခံ‌နေပါတယ်။
” နတ်ရေကန်ဗျူဟာအကြောင်း မကြာခင်အဖြေပေါ်ပါလိမ့်မယ်။ အော်ဟစ်ငိုယိုပြီးအကူအညီတောင်းချက်တွေ ကျနော်တို့ရထားပါတယ်” လို့ စစ်ဆင်ရေးမှာပါဝင်နေတဲ့တော်လှန်ရေးရဲဘော်တစ်ဦးကပြောလိုက်ပါတယ်။ ။
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴