ကွတ်ခိုင်မြို့ တိုက်ပွဲ အခြေအနေ

ကွတ်ခိုင်မြို့ တိုက်ပွဲ အခြေအနေ
၁၅ မတ် ၂၀၂၅။ -7stars News

ကွတ်ခိုင်မြို့ပေါ်ရှိ ရပ်ကွက်တိုင်းကို MNDAA တပ်ဖွဲ့မှ ထိန်းချုပ်လိုက်ပြီဖြစ်ပြီး လက်ရှိအချိန်တွင် ကွတ်ခိုင်ဗျူဟာကို ဆက်လက် ရှင်းလင်းနေကြောင်း သတင်းရရှိသည်။
MNDAA တပ်ဖွဲ့မှ ဒရုန်းကို ဖောဖောသီသီ အသုံးပြုကာ မရပ်မနား ဗုံးကြဲတိုက်ခိုက်နေပြီး TNLA တပ်ဖွဲ့များအားလုံး ဗျူဟာထဲ ဆုတ်ဝင်သွားကြကြောင်း ကွတ်ခိုင်မြို့ဒေသခံ တစ်ဦးက 7stars News ကို ပြောသည်။
“ဒီမနက်ပိုင်းမှာ TNLA တပ်ဖွဲ့တွေ ရပ်ကွက် ၅ နဲ့ ရပ်ကွက် ၁ တွေထဲ ဆုတ်ဝင်ပြီး ခံပစ်နေသေးတယ်။ MNDAA ဘက်က အင်အားအလုံးအရင်း နဲ့ ကွတ်ခိုင်မြို့ကို ဝိုင်းထားပြီး ဖြည်းဖြည်းချင်း ဝင်လာကြတာပါ။ ဒရုန်းတွေကတော့ ကွတ်ခိုင်ရဲ့ ကောင်းကင်ပေါ် ငှက်အုပ်တွေ ပျံသန်းနေတဲ့ အတိုင်းပဲ။ တစ်အုပ်ပြီး တစ်အုပ် ဗုံးကြဲနေတာ ဗုံးမိုးရွာချနေသလိုပဲ။ အခု မွန်းလွဲပိုင်း ၁၂:၃၀ အချိန်လောက်ရှိပြီ ကိုးကန့်အဖွဲ့တွေ မြို့ပေါ်က ရပ်ကွက်အားလုံးသိမ်းထားပြီးလို့ ဗျူဟာဘက် ဝင်တိုက်နေကြတယ်။ သေနတ်ပစ်သံတွေ စစ်သားတွေ အော်ပြောနေကြတဲ့အသံတွေ အိမ်ကနေ အတိုင်းသားကြားနေရတယ်။ ကြည့်ရတာ အခုညနေပိုင်းလောက်ဆို ဗျူဟာကိုလည်း သိမ်းနိုင်လောက်ပြီ။” ဟု ဆိုသည်။
MNDAA တပ်ဖွဲ့မှ ယမန်နေ့နံနက်မှစတင်ပြီး ကွတ်ခိုင်မြို့ နှင့် လားရှိုးအထက် ပြည်ထောင်စု လမ်းမတလျောက်ရှိ TNLA တပ်စခန်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ ရှုခင်းသာစခန်း၊ မိုင်းယုလေးလမ်းခွဲစခန်း၊ နမ့်ဖတ်ကာ နတ်စင်စခန်း၊ နမ့်ဖတ်ကာရဲကင်းစခန်း၊ ကာလိုင်စခန်း၊ ဟိုဆောင်စခန်း နှင့် နမ့်ခမ်း ၁၂ မိုင်စခန်း စသည့် အရေးပါသော စခန်းများအပြင် စခန်းပေါင်း ၄၀ ထက် မနည်း သိမ်းယူ ထားပြီးဖြစ်သည်။
PSLF/TNLA ဗဟိုမှ ယခုဖြစ်ပွားလျက်ရှိသော MNDAA ၏ ထိုးစစ်ရပ်နားနိုင်ဖို့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယ်စပ်ရေးရာရုံးကို လိပ်မူ၍ ကြားဝင် ဖျန်ဖြေပေးရန် အကြောင်းကြားစာကို ယမန်နေ့ (မတ်လ ၁၄ ရက်နေ့) ရက်စွဲဖြင့် မေတ္တာရပ်ခံ တောင်းဆိုထားပါသည်။