NUG နှင့် တိုင်းရင်းသားများအကြား တပ်ပေါင်းစု တစ်ရပ် အလျှင်အမြန်အကောင်အထည်ဖော်ရန် အဖွဲ့ပေါင်း ၄၀ ကျော်က စုပေါင်းတောင်းဆို
ရန်ကုန်၊ မတ် ၁၁
အမျိုးသားညီညွတ်ရေးအစိုးရ- NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား တပ်ပေါင်းစုတစ်ရပ် အလျှင်အမြန် အကောင် အထည်ဖော်ကြရန် အရပ်ဘက်နှင့် စစ်အာဏာရှင်တော်လှန်ရေး အဖွဲ့ပေါင်း ၄၅ ဖွဲ့က မတ်လ ၁၀ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကာ တိုက်တွန်းတောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံအတွင်းရှိ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြသည့် အင်အားစုအသီးသီးအနေ ဖြင့် အချင်းချင်းအကြား ပဋိပက္ခများကို လက်နက်ကိုင်ဖြေရှင်းခြင်းမပြုဘဲ မဟာမိတ်နည်းလမ်းဖြင့်သာ ဖြေရှင်းကြရန်၊ လက်ရှိတော်လှန်ရေးရေချိန် မြင့်မားလာသည်နှင့်အမျှ အင်အားစုအချင်းချင်းကြား ညီညွတ်မှုကို ရှေ့ တန်းတင်ကာ စစ်ရေးအောင်မြင်မှုများ ရရှိနေသော်လည်း၊ တစ်ဖက်တွင်မူ အဖွဲ့အစည်းအချို့က ဘုံရန်သူဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးထက် မိမိတို့၏ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ကာ အချင်းချင်းကြား ရန်သူသဖွယ် လက်နက်ဖြင့် ခြိမ်းခြောက်ခြင်းနှင့် ပြည်သူလူထုအပေါ် လက်နက်အားကိုး အနိုင်ကျင့်ခြင်းများ ရှိလာနေသည်ကို တွေ့မြင်နေရကြောင်း ထုတ်ပြန်ချက်တွင် သတိပေးထားသည်။
“ကျွန်ုပ်တို့၏ ဘုံရန်သူမှာ စစ်အာဏာရှင်စနစ်ဖြစ်သည်။ မည်ကဲ့သို့သော ပဋိပက္ခများရှိစေကာမူ မဟာ မိတ်အင်အားစုများအချင်းချင်း စစ်အင်အားဖြင့် ဖြေရှင်းခြင်းသည် စစ်ဝါဒီရန်သူ၏ နည်းလမ်းသာဖြစ်ပြီး၊ ထိုလုပ်ရပ်များသည် ရန်သူအမြတ်ထုတ်နိုင်ရန်သာ ထောက်ပံ့ပေးရာရောက်သည်” ဟု အဖွဲ့များက ထောက်ပြ သတိပေးသည်။
အမှန်တကယ်တွင် “မဟာမိတ်ကို အားပြု၊ ကြားနေကို စည်းရုံး၊ ရန်သူကို တိုက်” ဆိုသည့် သဘော တရားအတိုင်း လုပ်ဆောင်ရမည်ဖြစ်သော်လည်း၊ လက်ရှိတွင် တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း စစ်ရေးအရ တိုက်ခိုက်မှုများ၊ အကြောင်းပြချက်မရှိ ဖမ်းဆီးမှုများ၊ နိုင်ငံရေးအရ တန်းတူမဆက်ဆံမှုများနှင့် ပြည်သူလူထုအပေါ် နှိပ်စက်မှုများကို ခပ်စိတ်စိတ် တွေ့လာရသည်ဟု ဆိုသည်။
ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအင်အားစုများအနေဖြင့် မဟာမိတ်ဆက်ဆံရေးဆိုင်ရာ မူဝါဒများကို မှန်ကန်စွာချမှတ်ရန်နှင့် ကြီးနိုင်ငယ်ညှင်း ဆက်ဆံရေးများကို အဆုံးသတ်ပြီး ဘုံရည်မှန်းချက်အပေါ် အခြေခံသည့် “တပ်ပေါင်းစု” တစ်ရပ်ကို အလျှင်အမြန် တည်ဆောက်ရန် တိုက်တွန်းထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် အဓိကအချက် ၃ ချက်အဖြစ် တော်လှန်ရေးအင်အားစုအချင်းချင်းကြား စစ်ရေးနည်းမသုံးဘဲ မဟာမိတ်နည်းလမ်းဖြင့်သာ ညှိနှိုင်းဖြေရှင်းရန်၊ နိုင်ငံရေးအရ တန်းတူမှုရှိသည့် ဘုံသဘောထားနှင့် မူများပေါ်တွင် အခြေခံသော တပ်ပေါင်းစုတစ်ရပ်ကို ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ရန်၊ ပသုံးလုံး (ပကဖ၊ ပဟဖ၊ ပစဖ) ယန္တရားများ၏ လူထုအပေါ် ထိခိုက်နစ်နာစေသည့် လုပ်ဟန်များကို အမြန်ဆုံး ဖြေရှင်းပေးရန် တိုက်တွန်းတောင်းဆိုထားသည်။
အဆိုပါ ထုတ်ပြန်ချက်ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU)၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC)၊ သွေးစွန်းငွေ (BMC)၊ ရခိုင်ကျောင်းသားများသမဂ္ဂ (ASU)၊ ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) နှင့် တခြားသော တော်လှန်ရေးအင်အားစုပေါင်း ၄၅ ဖွဲ့က စုပေါင်းလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။