စစ်တွေမြို့အနီးသို့ တိုက်ပွဲများနီးကပ်လာချိန် စစ်တပ်လက်အောက်ခံ ဝန်ထမ်းများ ခွင့်ပြု ချက်မရဘဲ လေယာဉ်ပျံ လက်မှတ်ဝယ်ခြင်း၊ နေရပ်ပြန်ခြင်းများ လုံး၀(လုံး၀) မပြုလုပ်ရန် စစ်တပ်က သတိပေး 🟥 စစ်တွေတွင် ခုခံစစ်သေချာစီစဉ်ထား၍ မည်သည့်လက်နက်ကိုင်ကိုမှ ကြောက်စရာမလိုဟု စစ်တပ်က ပြောဆို

စစ်တွေမြို့အနီးသို့ တိုက်ပွဲများနီးကပ်လာချိန် စစ်တပ်လက်အောက်ခံ ဝန်ထမ်းများ ခွင့်ပြု ချက်မရဘဲ လေယာဉ်ပျံ လက်မှတ်ဝယ်ခြင်း၊ နေရပ်ပြန်ခြင်းများ လုံး၀(လုံး၀) မပြုလုပ်ရန် စစ်တပ်က သတိပေး
🟥 စစ်တွေတွင် ခုခံစစ်သေချာစီစဉ်ထား၍ မည်သည့်လက်နက်ကိုင်ကိုမှ ကြောက်စရာမလိုဟု စစ်တပ်က ပြောဆို
ရန်ကုန်၊ မတ် ၉
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးသို့ တိုက်ပွဲများနီးကပ်လာချိန် စစ်တပ်လက်အောက်ခံ ဝန်ထမ်းများ ခွင့်ပြု ချက်မရဘဲ လေယာဉ်ပျံ လက်မှတ်ဝယ်ခြင်း၊ နေရပ်ပြန်ခြင်းများ လုံး၀(လုံး၀) မပြုလုပ်ရန် စစ်တပ်က သတိပေးလာကြောင်း စစ်တွေမြို့ အခြေစိုက် Non-CDM ဝန်ထမ်းအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၅ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသော ရခိုင်ပြည်နယ်လွှတ်တော်နှင့် ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းရန်၊ စစ်တွေမြို့အနီးသို့ တိုက်ပွဲများ နီးကပ်လာချိန်တွင် စစ်တပ်က စစ်တွေမြို့ အခြေစိုက် Non-CDM ဝန် ထမ်းများအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ခွင့်ယူခြင်း၊ နေရပ်ပြန်ရန်အတွက် လေယာဉ်လက်မှတ် ဝယ်ယူခြင်း၊ ခွင့်ပြုချက်မရှိဘဲ ဌာနနှင့်ကင်းကွာခြင်းများ လုံး၀(လုံး၀) မပြုလုပ်ရန် ညွှန်ကြားလာကြောင်း သိရှိရသည်။
“ဒီလေယာဉ်လက်မှတ်ဝယ်ထားတဲ့စာရင်းတွေကို တိုင်းအစိုးရနဲ့ တပ်မတော်ထောက်လှမ်းရေး(စရဖ)နဲ့ လေဆိပ်ရဲ၊ ရဲသတင်းတပ်ဖွဲ့ က အမြဲစိစစ်တယ်။ ဝန်ထမ်းတွေပါရင် ခွင့်ပြုချက်မရှိဘဲ လေယာဉ်လက်မှတ် ဝယ်တာမျိုး၊ ခရီးသွားတာမျိုး မရဘူး။ မိသားစုဝင်တွေရပါတယ်။ ဝန်ထမ်းတွေ ခွင့်မရဘူး။ ကြိုတင်အကြောင်းကြား ခွင့်ပြုမှုမရှိဘဲ လေယာဉ်နဲ့ ခရီးသွားလို့မရဘူး” ဟု စစ်တွေမြို့အခြေစိုက် ဌာနဆိုင်ရာ ဦးစီးအရာရှိတစ်ဦးက ပြောဆိုသည်။
အခြားတစ်ဖက်တွင်လည်း ရခိုင်ပြည်နယ်စစ်ကော်မရှင်က မတ်လ ၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ် လွှတ်တော်ကို စတင်ခေါ်ယူပြီး ရခိုင်ပြည်နယ် အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်း မတ်လ ၂၀ ရက်မတိုင်မီနှင့် ရခိုင်ပြည်အစိုးရသစ် ဖွဲ့စည်းပြီးသည်အထိ မည်သည့် အစိုးရဝန်ထမ်းမှ ခွင့်မပေးဟု ညွှန်ကြားလာကြောင်း သိရှိရသည်။
“တိုက်ပွဲတွေကတော့ စစ်တွေနားမှာ ဖြစ်တာမှန်ပေမယ့် ဝန်ထမ်းတွေကို ခွင့်မပေးတာ၊ ဌာနနဲ့ ကင်းကွာခွင့်မပေးတာက တိုက်ပွဲတွေကြောင့်မဟုတ်ဘူး။ မတ်လ ၂၀ ရက်နေ့ ရခိုင်ပြည်နယ် လွှတ်တော်ခေါ်ယူပြီး မကြာမီမှာ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းဖို့ ရှိတာကြောင့်မို့လို့ ဘယ်ဝန်ထမ်းကို ခွင့်မပေးဘူးလို့ ဌာနဆိုင်ရာ အကြီးအကဲတွေက မီတင်တွေမှာ ပြောလာပါတယ်” ဟု စစ်တွေမြို့အခြေစိုက် ဌာနဆိုင်ရာ ဦးစီးအရာရှိက ပြောဆိုသည်။
ယင်းအပြင် အကြမ်းဖက်စစ်တပ်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တပ်အင်အား ထောင်ချီ စုစည်းထားပြီး လက်နက်ခဲယမ်းများ၊ လေယာဉ်နှင့်စစ်သင်္ဘောများကိုလည်း အပြည့်အ၀ လုံခြုံရေးချထားကြောင်း၊ အင်အားထောင်ချီရှိသော စစ်တွေမြို့ကိုစစ်တပ်က သေချာစွာ လုံခြုံရေးယူထားကာ ခံစစ် စည်းများစွာ လုပ်ဆောင်ထားပြီးဖြစ်၍ မည်သည့်လက်နက်ကိုင်ကိုမှ ကြောက်စရာမရှိကြောင်း၊ အစိုးရဝန်ထမ်းများအနေဖြင့် ရုံးသို့ ပုံမှန်တက်၍ ဌာနဆိုင်ရာ လုပ်ငန်းများကို မပျက်မကွက် လုပ်ဆောင်ရမည် ဟု စစ်တပ်က ညွှန်ကြားထားကြောင်း သိရှိရသည်။
“စစ်တွေမှာ အင်အားထောင်ချီ ရှိတယ်။ စစ်လေယာဉ်၊ စစ်သင်္ဘောနဲ့ လက်နက်ခဲယမ်းအပြည့်အစုံ ထား ရှိတယ်။ ဘယ်လက် နက်ကိုင်မှ တက်မလာနိုင်ဘူး။ ဝန်ထမ်းတွေ ကိုယ့်အလုပ်ကိုယ် အေးအေး ဆေးဆေး စိတ်ချ လက်နချ လုပ်ကြပါဆိုပြီး တပ်နယ်မှူးတွေက ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်အဆင့် အစည်းအဝေးတွေမှာ လမ်းညွှန်ချက်ပေးပါတယ်” ဟု ဌာနဆိုင်ရာ ဦးစီးအရာရှိက ရှင်းပြသည်။
လတ်တလော အကြမ်းဖက်စစ်တပ်က စစ်တွေမြို့ ပတ်ပတ်လည်လည်တွင် ခံစစ်စည်း ၃ စည်း ထားရှိထားပြီး မိုင်းကွင်းများစွာကိုလည်း ပြင်ဆင်ထားကြောင်း၊ ထို့ကြောင့် ဌာနဆိုင်ရာများ မြို့ပြင်သို့ အကြောင်းကြားမှု မလုပ်ဆောင်ဘဲ မသွားကြရန် စစ်တပ်က သတိပေးထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ကျော်စွာဦးတို့၏ ဓာတ်ပုံနှင့် AA က စစ်တပ်၏ စစ်သင်္ဘော ၁ စီးကို သိမ်းပိုက်ခဲ့သော ဓာတ်ပုံကို AI ဖြင့် ပြန်လည် ယှဉ်တွဲ ဖော်ပြထားခြင်းဖြစ်ပါသည်။