စစ်တပ်၏ စက်သုံးဆီချွေတာရေး ဒုတိယနေ့ စုံရက်နှင့်မရက်အကြောင်းပြု၍ ယာဉ်ထိန်းရဲများ၏ ငွေညှစ်တောင်းယူမှုများ ပိုမိုဆိုးရွားလာနေ

စစ်တပ်၏ စက်သုံးဆီချွေတာရေး ဒုတိယနေ့ စုံရက်နှင့်မရက်အကြောင်းပြု၍ ယာဉ်ထိန်းရဲများ၏ ငွေညှစ်တောင်းယူမှုများ ပိုမိုဆိုးရွားလာနေ
ရန်ကုန်၊ မတ် ၈

အကြမ်းဖက် စစ်တပ်၏ စက်သုံးဆီချွေတာရေး စီမံချက် ဒုတိယနေ့တွင် စုံရက်နှင့်မရက်အကြောင်းပြု၍ ကားများအားလုံးကို ယာဉ်ထိန်းရဲများက တားဆီးစစ်ဆေးကာ အကြောင်းမျိုးစုံပြ ငွေတောင်းယူမှုများ ပိုမိုဆိုးရွားလာနေကြောင်း ရန်ကုန်မြို့မှ ယာဉ်ပိုင်ရှင်များက ပြောဆိုသည်။
မတ်လ ၇ ရက်နေ့မှစတင်၍ အကြမ်းဖက်စစ်တပ်က စက်သုံးဆီချွေတာရေး စီမံချက်ကို အကြောင်း ပြု၍ ကားနံပါတ်ပြားအလိုက် စုံရက်နှင့် မရက်သာ ယာဉ်မောင်းနှင်ရန် အမိန့်ထုတ်လာကြောင်း၊ အဆိုပါ အမိန့်ကြောင့် ပြည်သူများမှာ ယာဉ်ထိန်းရဲများ၏ ငွေညှစ်မှုများကို ပိုမို ခံစားနေရကြောင်း သိရှိရသည်။
“ကျနော်တို့ တက္ကစီတွေက စုံ၊ မ ရက်မှာ မပါဘူး။ အဲဒါကို ယာဉ်ထိန်းရဲတွေ တားတယ်။ ပြီးတော့ စာရွက်စာတမ်း လိုင်စင် အကုန်ပြတာကို ကားလိုင်စင်မှာပါတဲ့ ဓာတ်ပုံက ဝါးနေတယ်ဆိုပြီး လိုင်စင်သိမ်း လက်ဖက်ရည်ဖိုးတောင်းတယ်။ လက်ဖက်ရည်ဖိုးက ဘယ်လောက်လဲဆိုတော့ ၂ သောင်း။ စျေးဦးမပေါက်သေးလို့ပါဆိုတာလည်းမရဘူး။ အဆိုးဆုံးက ယာဉ်ထိန်းရဲမေတွေပဲ။ ငွေကို မရရအောင် တောင်းတာ” ဟု တောင်ဥက္ကလာပ၊ ဘေလီတံတားအဆင်းတွင် ယနေ့ ငွေညှစ်ခံလိုက်ရသော တက္ကစီယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။
အလားတူ ယနေ့ စုံရက်ဖြစ်၍ မ နံပါတ်ကားဖြင့် ကလေးကို ကျောင်းထောက်ခံစာဖြင့် အင်္ဂလိပ်စာ သင်တန်းသွားရောက် ပို့ဆောင်ခဲ့သော အိမ်ရှင်မတစ်ဦးကလည်း ကားကို ယာဉ်ထိန်းရဲက တားဆီးကာ ပုဂ္ဂလိက ကျောင်းထောက်ခံစာ အကျုံးဝင်မဝင်ကြောင်း၊ ယခုပညာပေးကာလ မတ်လ ၁၄ ရက် ကျော်လျှင် စုံရက်တွင် မ နံပါတ်ပြား ကားများ လမ်းပေါ် မောင်းနှင်ပါက ဖမ်းဆီးမည်ဟု ပြောဆို၍ ပြန်လွှတ် လိုက်ကြောင်း ပြောဆိုသည်။
“ငွေတော့ မတောင်းဘူး။ ပုဂ္ဂလိက အင်္ဂလိပ်စာ သင်တန်းကျောင်းထောက်ခံစာက အကျုံးမဝင်ဘူးလို့ ပြောတယ်။ နောက် မတ်လ ၁၄ ရက်နေ့ဆိုရင် ဖမ်းပြီး ထောင်ချမယ်ပြောတယ်။ မြို့နယ် ထွေ/အုပ် ထောက်ခံစာက ထောက်ခံစာအဖြစ် အကျုံးဝင်မယ်ပြောတယ်။ ငွေတော့ မတောင်းဘူး” ဟု ရွှေဂုံတိုင်အနီးတွင် ဖမ်းဆီးခံခဲ့ရသော ကလေးမိခင် အိမ်ရှင်မတစ်ဦးက ရှင်းပြသည်။
သို့ရာတွင် ယာဉ်ထိန်းရဲများက လမ်းပေါ်တွင် စည်းကမ်းအတိုင်းသွားလာနေသော ကားများကိုပါ ဖမ်းဆီး၍ အပြစ်မရှိ အပြစ်ရှာ ငွေတောင်းယူမှုများ ရှိနေကြောင်း ရန်ကုန်-အင်းစိန်လမ်းတွင် တက္ကစီမောင်းနှင်နေသူ ကားဆရာတစ်ဦးက ရှင်းပြသည်။
“အရင်တုန်းကတော့ စည်းကမ်းဖောက်မှ တားတာ။ အခုကတော့ ရဲတွေက ကားမှန်သမျှ အကုန်တား။ စာရွက်စာတမ်း အကုန်စစ်။ သူတို့ အပြစ်ရှာလို့မရရင် လက်ဖက်ရည်ဖိုးဆိုပြီး ပြီးသွားတာ။ အပြစ် တစ်ခုခု တွေ့လို့ကတော့ အနည်းဆုံး ၅ သောင်းကနေ စတောင်းတာ။ အခု စုံ/မ ကိစ္စဖြစ်လာတော့ နေရာတိုင်းမှာ ယာဉ်ထိန်းရဲတွေ မနက် ၇ နာရီလောက်ဆို အုပ်စုလိုက် တွေ့နေရပြီ။ လုပ်စားဂွင်ကြီး ဖြစ်သွားတာ” ဟု အဆိုပါ ကားသမားက ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီ၏ စက်သုံးဆီချွေတာရေး အစီအစဉ်အရ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် မြို့ကြီးများတွင် စုံရက်နှင့် မရက် နံပါတ်ပြားအလိုက် ယာဉ် မောင်းနှင်ခြင်းမရှိသူများကို ထောင်ဒဏ် ၁ လ (သို့မဟုတ်) ငွေဒဏ် ကျပ် ၂ သောင်း (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ချမှတ်အရေးယူရန်ရှိကြောင်း စစ်ဆေးမှုများကို အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တရားရေးဌာန၊ ဥပဒေရုံး၊ ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ ပါဝင်သော One Stop Service များဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ယင်းစက်သုံးဆီချွေတာရေးအမိန့်အရ ပညာပေးကာလအဖြစ် ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိကို အသိပညာပေးကာလအဖြစ် သတ် မှတ်ထားကြောင်း၊ အရေးယူမှုများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှစတင်ကာ ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
စစ်တပ်၏ ထုတ်ပြန်ထားသော အမိန့်ကို လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူး လွန်သူများကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ အရ One Stop Service အဖွဲ့က တိုက်ရိုက်အရေးယူမည် ဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ထောင်ဒဏ် ၁ လနှင့် ငွေဒဏ် ကျပ် ၂ သောင်း “ဒဏ်နှစ်ရပ်လုံး” ကို ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။