ရန်ကုန်တွင် စစ်မှုထမ်းရန် အသက်ကျော်လွန်နေသော အသက် ၄၀ နှစ်အရွယ် ကိုအောင်သီဟကို ပေါ်တာဆွဲ ဖမ်းဆီးသွား၊ ရန်ကုန်မြို့တွင် ညပိုင်း အိမ်းစီးကားများဖြင့် လူငယ်အများအပြားကို လိုက်လံပေါ်တာဆွဲ ဖမ်းဆီးနေ
ရန်ကုန်၊ မတ် ၈

ရန်ကုန်မြို့တွင် စစ်မှုထမ်းရန် အသက်ကျော်လွန်နေသော အသက် ၄၀ နှစ်အရွယ် ကိုအောင်သီဟကိုလည်း ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသော ကိုအောင်သီဟ၏ မိတ်ဆွေများထံမှ သိရှိရသည်။
မတ်လ ၅ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဆင်မင်းစျေးအနီးတွင် အပြင်မှ ပြန်လာသော အသက် ၄၀ နှစ်အရွယ် ကိုအောင်သီဟကို အရပ်ဝတ် လူအုပ်စုတစ်စုက ရိုက်နှက်ပြီး ကားပေါ်သို့ အတင်းအကျပ် ဆွဲတင်သွားကြောင်း၊ ဖမ်းဆီးသူများမှာ ပရိုဘောက်ကားများဖြင့် လူငယ်များကို လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးနေသူများဖြစ်သည်ဟု မျက်မြင်တွေ့ရှိရသူများက ပြောဆိုကြောင်း သိရှိရသည်။
“အလုံလမ်း မီးပွိုင့်နားမှာ ပရိုဘောက် အဖြူရောင်ကား၊ မှန်စတေကာအမည်းကပ်ထားတယ်။ ကားပေါ်မှ လူတွေဆင်းလာပြီး ကိုအောင်သီဟကို ရိုက်နှက်ပြီး ကားနောက်ဖုံးထဲ အတင်းထည့်ခေါ်သွားတယ်။ အဲဒီလူတွေက လူငယ်တွေကို လိုက်ပြီး ပေါ်တာဆွဲနေတာလို့ ပတ်ဝန်းကျင်က ပြောသွားတယ်” ဟု ကိုအောင်သီဟ၏ မိတ်ဆွေဖြစ်သူက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်၏ သတ်မှတ်ချက်အရ စစ်မှုထမ်းရန် အကျုံးဝင်သော အသက်အရွယ်မှာ အမျိုး သားဆိုလျှင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ မတ်လ ၇ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံတွင် ကျိုက် ၀ိုင်းဘက်အခြမ်း ကားမှတ်တိုင်တွင် နံပါတ်ပြား မီးထွန်းထားခြင်းမရှိသော ပရိုဘောက်ကား ၂ စီးဖြင့် ကားစောင့်နေသော လူငယ်တချို့ကို ဆွဲခေါ်သွားမှု ယမန်နေ့ ညပိုင်းဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
“သမိုင်းလမ်းဆုံ မှတ်တိုင် (ကျိုက်၀ိုင်းဘက်အခြမ်း)မှာ ကားတွေနဲ့ သူခိုးဖမ်းတာလိုလို၊ ခါးပိုက်နှိုက်ဖမ်းတာလိုလိုနဲ့ ကားစောင့်နေတဲ့ လူငယ်တွေကို ဆွဲတင်သွားတယ်။ ကားနံပါတ်ပြားက မီးမထွန်းထားဘူး။ စတောကာ အမည်းတွေကပ်ထားတယ်။ လူငယ် ၃ ဦးလောက်ပါသွားတာ။ အကုန်လုံးကလည်း ကိုယ်နဲ့မဆိုင်တော့ ကြည့်နေတာ။ စစ်မှုထမ်း ပေါ်တာဆွဲတာ” ဟု မျက်မြင်တွေ့ရှိရသူတစ်ဦးက ပြောဆိုသည်။
ဖေဖော်ဝါရီလနှောင်းပိုင်းကလည်း မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်တွင် နေထိုင်သော တက္ကသိုလ်ကျောင်းဆရာမတစ်ဦး၏ အသက် ၂၀ နှစ်အရွယ် သားဖြစ်သူကို လှည်းတန်းတွင် ညနေပိုင်း သင်တန်း တက်ပြန်လာစဉ် ပရိုဘောက်ကားဖြင့်ပင် ဖမ်းဆီးခေါ်သွားကြောင်း၊ ယင်းနောက် စစ်ထဲသို့ မသွင်းစေလိုပါက ငွေကျပ် သိန်း ၃၀ ပေးရန် တောင်းယူခဲ့ကြောင်း၊ ငွေကျပ် သိန်း ၃၀ လွှဲပေးပြီးချိန်တွင် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အလုံမြို့နယ်တွင် ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရသော အသက် ၄၀ နှစ်အရွယ် ကိုအောင်သီဟ။