မတ်လ ၇ ရက်နေ့ စတင်မည့် စက်သုံးဆီချွေတာရေး ကားနံပါတ်အလိုက် စုံရက်နှင့်မရက်သာ ကားမောင်းနှင်ရမည့်အမိန့်အတွက် စစ်တပ်၊ ရဲ၊ ထွေ/အုပ်နှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများကပါ ကားများကို တားဆီး စစ်ဆေးမည်
🟥ရပ်ကွက်များတွင် ကားပိုင်ရှင်စာရင်းနှင့် ကားနံပါတ်များ လိုက်လံကောက်ခံ
ရန်ကုန်၊ မတ် ၆
အကြမ်းဖက်စစ်တပ်က မတ်လ ၇ ရက်နေ့စတင်မည့် စက်သုံးဆီချွေတာရေးအတွက် ကားနံပါတ်အလိုက် စုံရက်နှင့် မရက်သာ ကားမောင်းနှင်ခွင့်ပြုမည့် အမိန့်အတွက် စစ်တပ်၊ရဲ၊ ထွေ/အုပ်ဌာနနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများကပါ ကားများကို တားဆီးစစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၃ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က စက်သုံးဆီချွေတာရန် ပုဂ္ဂလိကပိုင် မော် တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မတ်လ ၇ ရက်နေ့မှ စတင်မောင်း နှင်ရမည်ဟု အမိန့်ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်မှာ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေးယာဉ်များသည် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။
“မတ်လ ၇ ရက်နေ့ စက်သုံးဆီချွေတာရေးအစီအစဉ်အတွက် ဌာနပေါင်းစုံ စစ်ဆေးရေးအဖွဲ့တွေက စစ်ဆေးဖို့တော့ ညွှန်ကြားချက်တွေရှိပါတယ်။ တပ်မတော်၊ ရဲတပ်ဖွဲ့ တွေနဲ့အတူ ဌာနဆိုင်ရာ ပေါင်းစုံအပြင် နယ်မြေခံ အုပ် ချုပ်ရေးမှူးနဲ့ လုံခြုံရေးအတွက် ပြည်သူ့စစ် (ပျူစောထီး) တွေပါ ပါဝင်မှာဖြစ်ပါတယ်။ မော်တော်ယာဉ်တွေကို တားဆီးစစ်ဆေးပြီး အသိပညာပေးဖို့ပါပဲ။ အသိပညာပေးမှုနဲ့ အရင်စတင်မှာပါ” ဟု ရန်ကုန်တိုင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။
စက်သုံးဆီ ချွေတာရေး အစီအစဉ်ကို ပြည်သူများ လိုက်နာစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည် နယ် အစိုးရများက ကြီးကြပ်လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့က လုပ်ငန်းအကောင်အထည်ဖော် အရေးယူဆောင်ရွက်သော ဌာနဆိုင်ရာ များအဖြစ် ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာနယ်မြေများအလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်များက လုပ်ငန်းအကောင်အထည်ဖော်သော ယန္တရားများ အဖြစ် ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်၏ စက်သုံးဆီချွေတာရေး စီမံချက်အရ လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/- 4A/—-စသည် ဖြင့်)၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ-1A/—3A/—- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်အသုံးပြုရမည်ဖြစ်ကြောင်း၊ စည်းကမ်းသတ်မှတ်ချက်များသည် ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသည့်အချိန်အထိ အတည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းကမ်းသတ်မှတ်ချက်များကို ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု အကြမ်းဖက်စစ်တပ်က ကြေညာထားသည်။
လတ်တလော ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ကိုယ်ပိုင်ကားရှိသူများစာရင်းနှင့် ကားနံပါတ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အမြန်လိုက်လံကောက်ခံလျက်ရှိကြောင်း၊ ယင်းသို့ ကောက်ခံမှုမှာ မတ်လ ၇ ရက်နေ့ စတင်မည့် စက်သုံးဆီချွေတာရေး စီမံချက်အတွက်ဖြစ်ကြောင်း သိရှိရသည်။
“မနေ့ညက အုပ်ကြီးနဲ့ ပျူတွေ ရပ်ကွက်ထဲမှာ ကားရှိသူစာရင်းကောက်တယ်။ ကားနံပါတ်နဲ့ ကားအမျိုးစားပါ ပေးရတယ်။ မြို့နယ်ထွေ/အုပ်က ကောက်ခိုင်းတာလို့ ပြောတယ်။ ၇ ရက်နေ့မှာ ဘယ်လိုတွေ ပညာပြကြဦးမလဲ မသိဘူး” ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ကားများကို စစ်ဆေးနေသည့် အကြမ်းဖက် စစ်တပ်လက်အောက်ခံ ရဲများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
Photo- အီးပီအေ။