ကပစ (၁၆) ကို AA ပူးပေါင်းတပ်များ စတင်တိုက်ခိုက်
အကြမ်းဖက်စစ်တပ်က လေကြောင်းပစ်ကူသုံးပြီး ခုခံနေ
မတ် ၄၊ ၂၀၂၆



ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က အကြမ်းဖက် စစ်တပ်ရဲ့ အမှတ် ၁၆ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ ၁၆) ကို အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
AA နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် ကပစ (၁၆) စက်ရုံအတွင်းမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး ထိခိုက်မှုတွေရှိနေတာကြောင့် စစ်တပ်က လေကြောင်းကနေ ပြန်လည်ခုခံနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့မှာ ကပစ (၁၆) စက်ရုံကို AA နဲ့ ပူးပေါင်းအဖွဲ့တွေက ရှော့တိုက်ဒုံး၊ လက်နက်ကြီးတွေနဲ့ ထိမှန်အောင် ပစ်ခတ်ခဲ့တာဖြစ်ပြီး စက်ရုံအတွင်းမှာ ပေါ်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
“အထဲကိုလည်း ၄လုံးလောက်ကျတယ် နောက် ၃ လုံးလောက်ကလည်း အရေးကြီးပွိုင့် နေရာတွေကို သွားထိတယ်ပေါ့နော်။ ဒါပေမယ့် အထိခိုက် အပျက်စီးစာရင်းကိုတော့ မသိရသေးဘူး။ ဘာလို့လည်းဆိုတော့ ကပစ (၁၆) ကနေ မသုန်ရွာထဲမှာကို ညနေဆိုတာနဲ့ မီးသုံးခွင့် မပြုတော့ဘူး အဲလို အခြေအနေ ရှိပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။
စက်ရုံအတွင်းထဲကို လက်နက်ကြီး ကျရောက်အောင် ပစ်ခတ်နိုင်ခဲ့တဲ့အခြေအနေကြောင့် AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ကပစ (၁၆) အနီး ၅ ကီလိုမီတာအထိကို ရောက်ရှိနိုင်ခဲ့တာဖြစ်တယ်လို့ ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားပါတယ်။
“လက်နက်ကြီး တကမ်းဆိုတော့ မြေပြင်အနေအထားကို ကြည့်ရင် စက်ရုံနဲ့ ၅ကီလိုမီတာအထိပါ လက်နက်ကြီးစခန်း ဒါမှမဟုတ် ရှော့တိုက်ဒုံးဆိုရင်လည်း ယာယီခြေကုတ် ယူပြီးတော့ တတိုးကပ်ထားနိုင်တဲ့ အနေအထားမျိူးလို့တော့ ကျွန်တော်တို့ သုံးသပ်ပါတယ်” လို့ ဗိုလ်ကြီးဇင်ယော်က ဆက်ပြောပါတယ်။
ဒါ့အပြင် ကပစ (၁၆) စက်ရုံ ကာကင်းစခန်းတွေကိုလည်း AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာကြောင့် အဲဒီစခန်းတွေက စစ်အုပ်စုတပ်သား ထွက်ပြေးမှုတွေလည်းရှိနေတယ်လို့လည်း ဒေသတွင်းသတင်းအရင်းအမြစ်တွေဆီက ကနဦးသိရပါတယ်။
အကြမ်းဖက် စစ်တပ်ကတော့ ကပစ (၁၆) စက်ရုံ မကျရေးအတွက် မတ်လ ၃ ရက်နေ့ မနေ့မနက်ပိုင်းကစလို့ လေကြောင်းပစ်ကူတွေကို အများအပြား အသုံးပြုပြီး ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းမှာ ကာကွယ်ရေးပစ္စည်းစက်ရုံ ၄ ရုံ တည်ရှိနေပြီး အဲဒီစက်ရုံတွေကနေ အကြမ်းဖက်စစ်တပ်အတွက် လိုအပ်တဲ့ လေယာဉ်ဗုံး၊ မော်တာကျည်၊ လက်နက်ငယ်ကျည်နဲ့ ယမ်းအမျိုးမျိုးကို အဓိက ထုတ်လုပ်ဖြန့်ဖြူးပေးနေတာကြောင့် အဓိကဗဟိုချက်နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။
အဲဒီ စက်ရုံ ၄ ခုအထဲမှာ ကပစ (၁၆) စက်ရုံဟာ TNT ယမ်းအမျိုးအစား အပါအဝင် ယမ်းထုတ်လုပ်မှုအပိုင်းကို အဓိက တာဝန်ယူရသလို အခြားစစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အရေးကြီးကုန်ကြမ်း အမြောက်အမြားကိုပါ သိုလှောင်ထားတဲ့နေရာ ဖြစ်တယ်လို့ သိရပါတယ်။
ပန်းတောင်းမြို့နယ်အတွင်းက ပကစ စက်ရုံတွေ AA နဲ့ တော်လှန်ရေးတပ်တွေလက်အောက်ကျရောက်မှာကို စိုးရိမ်တာကြောင့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်လည်း အခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က ပန်းတောင်းမြို့ကို ကိုယ်တိုင်လာရောက်ပြီး ကွင်းဆင်းညွှန်ကြားတာတွေလုပ်ဆောင်ခဲ့တယ်လို့ စစ်တပ်ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဓာတ်ပုံ- AA Infodesk (ပုံဟောင်း)