မြန်မာစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုများ ပိုမိုပြင်းထန်စွာ ချမှတ်မည့် BRAVE Burma Act ဥပဒေကြမ်းကို အမေရိကန်အထက်လွှတ်တော်သို့ အမတ် ၄ ဦးက တင်သွင်း၊ အောက်လွှတ်တော်တွင် အတည်ပြုပြီး အထက် လွှတ်တော်သို့ ဥပဒေကြမ်း ရောက်ရှိလာ

မြန်မာစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုများ ပိုမိုပြင်းထန်စွာ ချမှတ်မည့် BRAVE Burma Act ဥပဒေကြမ်းကို အမေရိကန်အထက်လွှတ်တော်သို့ အမတ် ၄ ဦးက တင်သွင်း၊ အောက်လွှတ်တော်တွင် အတည်ပြုပြီး အထက် လွှတ်တော်သို့ ဥပဒေကြမ်း ရောက်ရှိလာ
ရန်ကုန်၊ မတ် ၅

မြန်မာစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုများ ပိုမိုပြင်းထန်စွာ ချမှတ်ရေးအတွက် BRAVE Burma Act ဥပဒေ ကြမ်းကို အမေရိကန်အထက်လွှတ်တော်သို့ တင်သွင်းလိုက်ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ်များက သတင်းထုတ်ပြန်သည်။
မတ်လ ၄ ရက်နေ့တွင် အမေရိကန်အထက်လွှတ်တော်အမတ်များဖြစ်ကြသည့် Chris Van Hollen နှင့် Todd Young တို့က အထက်လွှတ်တော်အမတ်များဖြစ်သည့် Mitch McConnell၊ Jeff Merkley တို့နှင့်အတူ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအပေါ် အမေရိကန်၏ တုံ့ပြန်ဆောင်ရွက်မှုများကို ပိုမိုအားကောင်းစေရန် ရည်ရွယ်သည့် နှစ်ပါတီပူးပေါင်းဥပဒေကြမ်းတစ်ရပ်ကို ယနေ့ တင်သွင်းလိုက်ကြခြင်းဖြစ်သည်။
အဆိုပါဥပဒေကြမ်းမှာ မြန်မာစစ်ကောင်စီ၏ ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဒေသတွင်း၌ ပိုမိုဆိုးရွားလာနေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခများကို တုံ့ပြန်ရန်နှင့် ဖိနှိပ်ချုပ်ချယ်နေသော စစ်ကောင်စီကို ထိရောက်စွာ အရေးယူရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်​ကြောင်း သိရှိရသည်။
၂၀၂၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် BURMA Act ကို အခြေခံ၍ ထပ်မံဖြည့်စွက်ထားသော Bringing Real Accountability Via Enforcement in (BRAVE) Burma Act ဥပဒေမူကြမ်းမှာ စစ်တပ်၏ စစ်ဆင်ရေးများအတွက် ငွေကြေးထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းများကို ပိုမိုပြင်းထန်သည့် အရေးယူပိတ်ဆို့မှုများ ပြုလုပ်နိုင်ရန် လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားကြောင်း ၊ထို့အပြင် ယခုဥပဒေကြမ်းသည် အဆိုပါအရေးယူပိတ်ဆို့မှုများကို လက်တွေ့အကောင်အထည်ဖော်မည့် ယန္တရားများကို ပိုမိုခိုင်မာစေရန် ဆောင်ရွက်ထားသည့်အပြင်၊ ဒေသတွင်း၌ တရုတ်နှင့် ရုရှားနိုင်ငံတို့၏ ဩဇာလွှမ်းမိုးမှု ကြီးထွားလာနေခြင်းကိုလည်း တုံ့ပြန်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။
ဤဥပဒေကြမ်းမှတစ်ဆင့် စစ်ကောင်စီထံသို့ စီးဆင်းနေသော ငွေကြေးလမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်နိုင်ရန်နှင့် မြန်မာ့အရေးတွင် ပိုမိုထိရောက်သော တာဝန်ယူမှု၊ တာဝန်ခံမှုများ ပေါ်ပေါက်လာစေရန် အလေးပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အထက်လွှတ်တော်အမတ် ဗန်ဟိုလန်က မြန်မာစစ်တပ်အနေဖြင့် သွေးထွက်သံယိုမှု၊ ဖိနှိပ်မှုနှင့် အားနည်းသူ လူထုအုပ်စုများကို နှိပ်စက်ညှင်းပန်းမှုများဖြင့် နိုင်ငံကို ဖျက်ဆီးနေကြောင်း်၊ ယင်းဥပဒေကြမ်းဖြင့် စစ်တပ်၏ အကြမ်းဖက်အာဏာကို ထောက်ပံ့ပေးနေသည့် ငွေကြေးအရင်းအမြစ်များကို ဖြတ်တောက်နိုင်ပြီး မြန်မာပြည်သူများအတွက် အနာဂတ်တွင် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်တည်ဆောက်နိုင်ရန် ကူညီပေးမည်ဖြစ်ကြောင်း ပြောဆိုသည်။
အထက်လွှတ်တော်အမတ် တော့ဒ် ယန်းကလည်း မြန်မာစစ်တပ်၏ ဖိနှိပ်မှုများမှ မြန်မာပြည်သူများကို ကာကွယ်ရန် အမေရိကန်အနေဖြင့် ပိုမိုလုပ်ဆောင်သင့်ကြောင်း ၊ ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရန် အသုံးပြုနေသည့် အဓိက ငွေကြေးရင်းမြစ်များကို အဆိုပါဥပဒေကြမ်းဖြင့် ဖြတ်တောက်နိုင်မည်ဖြစ်ကြောင်း ထောက်ပြ ပြောဆိုသည်။
အထက်လွှတ်တော်အမတ် မစ်ချ် မက်ကွန်နယ်ကလည်း မြန်မာပြည်သူများ၏ ဒီမိုကရေစီအိမ်မက်များကို မိမိ၏ နိုင်ငံရေးဘဝတစ်လျှောက် အမြဲထောက်ခံခဲ့ကြောင်း ၊ စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲများကြောင့် ဒေသအတွင်း တရုတ်၏ သြဇာလွှမ်းမိုးမှု ပိုမိုတိုးလာနိုင်သည့် အချိန်တွင် ယင်းဥပဒေကြမ်းသည် အလွန်အရေးကြီးကြောင်း ၊ အမေရိကန်က အနောက်နိုင်ငံများကို ဦးဆောင်ကာ ဖိနှိပ်သော စစ်အာဏာရှင်အစိုးရအပေါ် ဖိအားများ ဆက်လက်တိုးမြှင့်သင့်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
အထက်လွှတ်တော်အမတ် ဂျက်ဖ် မာကလီကလည်း ၂၀၁၇ ခုနှစ်တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်စဉ် ရိုဟင်ဂျာနှင့် အခြားအားနည်းသော လူမှုအသိုင်းအဝိုင်းများအပေါ် လူသားမျိုးနွယ်အပေါ် ပြစ်မှုများ ကျူးလွန်ခဲ့သည့် နာကျင်ဖွယ်အတွေ့အကြုံများကို ကြားခဲ့ရကြောင်း၊မြန်မာနိုင်ငံတွင် တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် အမေရိကန်၏ လုပ်ဆောင်မှုများ လိုအပ်နေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
အဆိုပါ BRAVE Burma Act ကို အမေရိကန် အောက်လွှတ်တော်တွင် မစ်ရှီဂန်ပြည်နယ်မှ အောက်လွှတ်တော်အမတ် ဘီလ် ဟွိုင်ဇင်ဂါက ဦးဆောင်တင်သွင်းခဲ့ခြင်းဖြစ်​ပြီး အောက်လွှတ်တော်တွင် ဖေဖော်ဝါရီလအတွင်း အတည်ပြုခဲ့ပြီးဖြစ်သည်။
ယင်းဥပဒေကြမ်းအရ စစ်တပ်လက်အောက်ခံ လုပ်ငန်းများဖြစ်သည့် Myanma Economic Bank ကဲ့သို့သော အဖွဲ့အစည်းများနှင့် စစ်တပ်၏ လေယာဉ်ဆီကဏ္ဍကို ထောက်ပံ့နေသည့် နိုင်ငံခြားအဖွဲ့အစည်းများအပေါ် ပိုမိုပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သင့်၊ မသင့်ကို အမေရိကန် သမ္မတက နှစ်စဉ် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ မြန်မာနိုင်ငံ ချေးငွေယူနိုင်မှုကို ကန့်သတ်ရန် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအား အသုံးချရန် ညွှန်ကြားမည်ဖြစ်ကြောင်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် မြန်မာရေးရာ အထူးသံတမန်တစ်ဦးကို သံအမတ်အဆင့်ဖြင့် ခန့်အပ်ကာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒများကို ညှိနှိုင်းဆောင်ရွက်စေရန် စီမံမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းဥပဒေကြမ်းကို Burma Research Institute နှင့် Campaign for a New Myanmar အဖွဲ့များကလည်း ထောက်ခံထားကြသည်။
Burma Research Institute ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ ဇို တုမ် ဟုန်က ယင်းဥပဒေကြမ်းက မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို လျော့နည်းစေရန် ကူညီနိုင်ပြီး ဘုရားကျောင်းများအပါအဝင် ဘာသာရေးအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို လျော့ပါးစေမည်ဟု ပြောကြားခဲ့သည်။
Campaign for a New Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဆိုင်မွန် ဘီလင်နက်စ်ကလည်း ယင်းဥပဒေကြမ်းသည် မြန်မာစစ်တပ်အနေဖြင့် နိုင်ငံခြားငွေကြေး၊ လေယာဉ်ဆီနှင့် လက်နက်များ ရရှိနိုင်မှုကို ကန့်သတ်နိုင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာပြည်သူများ၏ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ကြိုးပမ်းမှုများနှင့် ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးကို အမေရိကန်အနေဖြင့် ဆက်လက်ထောက်ခံသွားမည်ဟု ၎င်းက ပြောဆိုသည်။