စက်မှုဇုန်တွေကို မီတာခ တစ်ယူနစ် ၉၀၀ တိုးကောက်ပြီး LNG နဲ့ ၂၄ နာရီမီးပေးမယ်လို့ စစ်အုပ်စုထုတ်ပြန်
Connect Burma၊ မတ် ၁
စက်မှုဇုန်တွေ နဲ့ အထူးစီးပွားရေးဇုန်တွေ အတွက် သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံတွေ နဲ့ ၂၄ နာရီ လျှပ်စစ်ဖြန့် ဝေပြီး မီတာခ တစ်ယူနစ် ၉၀၀ တိုးမြှင့် ကောက်ခံမယ်လို့ စစ်အုပ်စု က ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန က ဖေဖော်ဝါရီ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့တာ ပြီး သီလဝါ နဲ့ တခြား စက်မှုဇုန်တွေကို လည်းအကြောင်း ကြားထားတယ်လို့ သိရပါတယ်။
အဆိုပါ သတ်မှတ်နှုန်းထားကစက်မှုဇုန် နဲ့ အထူးစီးပွားရေးဇုန်တွေ အတွက်သာ ဖြစ်ပြီး အိမ်သုံးမီတာခနှုန်းထားတွေကိုတော့ ယခင်အတိုင်း ဆက်လက်ကောက်ခံသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
စက်မှုဇုန်တွေအပြင် အိမ်ရာစီမံကိန်းတွေ၊ ကွန်ဒိုတွေနဲ့ ဟိုတယ်လုပ်ငန်းတွေကိုလည်း လျှပ်စစ်မီတာခ တယူနစ် ၉၀၀ ကျပ်နှုန်း ကောက်ခံသွားမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က ထုတ်ပြန်ထားပါသေးတယ်။
“၂၄ နာရီ မီးရမယ်ဆိုတာ လုပ်ငန်းရှင်တွေဘက်က ကြိုဆိုရမယ့် အချက်ပါ။ တကယ်ပဲ ၂၄ နာရီ တည်ငြိမ်စွာပေးနိုင်မယ်ဆိုရင် အချို့လုပ်ငန်းတွေ အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် စနစ်ပိုင်းဆိုင်ရာ ပြတ်တောက်မှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် အခုလြု ဈေးနှုန်းအမြင့်နှုန်းပေးပြီး မီးမပြည့်ဝရတာမျိုး မဖြစ်စေချင်ပါဘူး” လို့ စက်မှုဇုန်အတွင်း ထုတ်လုပ်ရေးလုပ် ငန်းရှင်တစ်ဦးက Connect Burma ကိုပြောပါတယ်။
ဒါပေမယ့် တစ်ယူနစ် ၉၀၀ ကျပ်ဆိုတာ လက်ရှိကုန်ကျ စရိတ်မြင့်တက်နေတဲ့ အခြေအနေမှာ အလွန်မြင့်တဲ့နှုန်း ထားတစ်ခုဖြစ်နေပြီး အထူးသဖြင့် အထည်ချုပ်လို လျှပ်စစ်အသုံးများတဲ့ လုပ်ငန်းတွေမှာ ထုတ်လုပ်မှုကုန်ကျစရိတ် တက်လာနိုင်သလို နောက်ဆုံး ကုန်ဈေးနှုန်းတက်သွားနိုင်တဲ့ အန္တရာယ်လည်း ရှိတယ်လို့ သူကဆက်ပြောပါတယ်။
လက်ရှိ စက်မှုဇုန်တွေမှာ ကောက်ခံနေတဲ့ မီတာခ နူန်းထားက တယူနစ်မှ ၅၀၀၀ ယူနစ်အထိကို ၂၅၀ ကျပ်ဖြစ်ပြီး ၅၀၀၁ ယူနစ်မှ ၂၀၀၀၀ ယူနစ်အထိကို ၄၀၀ ကျပ် နဲ့ ၂၀၀၀၁ ယူနစ် နဲ့ အထက်ကို ၅၀၀ ကျပ်အထိသာ အများဆုံး ကောက်ခံနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
ရန်ကုန်တိုင်းမှာတော့ စက်မှုဇုန် ၂၉ ဇုန်ရှိပြီးစက်မှုဇုန်တွေကို အရင်ကပေးထားတဲ့ လျှပ်စစ်မီးကိုတော့ အများပြည်သူကို ပေးမှာဖြစ်တာကြောင့် အရင်ကထက် မီးပြတ်တောက်မှု နည်းပါးသွားမယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန က ဆိုထားပါတယ်။
#ConnectBurma