လားရှိုးတွင် အိမ်ဆိုင်ပိုင်ရှင် အမျိူးသမီးကို လက်နက်ကိုင်တစ်စု ပြန်ပေးဆွဲ

လားရှိုးတွင် အိမ်ဆိုင်ပိုင်ရှင် အမျိူးသမီးကို လက်နက်ကိုင်တစ်စု ပြန်ပေးဆွဲ
မဲခေါင်၊ ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် အိမ်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို လက်နက်ကိုင်လူတစ်စုက ယမန်နေ့ ညနေပိုင်းတွင် ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၄ နာရီခွဲဝန်းကျင်တွင် လားရှိူးမြို့၊ ရပ်ကွက် ၅၊ မန်အိုင်၊ တရုတ်ဘုံကျောင်း အထက်ရှိ ကုန်စုံဆိုင်သို့ CROWN အဖြူရောင်ဖြင့် လူ ၄ ဦးရောက်ရှိလာပြီး ဆိုင်အတွင်းသို့ ၃ ဦးဝင်ရောက်ကာ အသက် ၂၃ နှစ်ကျော်အရွယ် ဆိုင်ရှင်အမျိုးသမီးအား သေနတ်ပြ၍ ဖမ်းဆီးကာ ကားပေါ်တင် ပြန်ပေးဆွဲသွားခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ပြန်ပေးဆွဲနေစဥ်အတွင်း ဆိုင်အတွင်းရှိ အမျိုးသမီး ၂ ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ထိုင်ခိုင်းထားကာ ဆိုင်အံဆွဲအတွင်းမှ ငွေအချို့ကို ပြန်ပေးသမားတစ်ဦးက နှိုက်ယူသွားခဲ့ကြောင်း သိရသည်။
“အခုဖြစ်တဲ့နေရာက လူအသွားအလာနည်းတယ်။ အခုက လားရှိူး ရပ်ကွက်တိုင်းမှာ လောင်းကစားဝိုင်းတွေက မှိုလိုပေါက်နေတာ၊ ဒီလိုအမှုတွေ ဖြစ်နေမှာပဲ။ အခု မန်ဆူပွဲတောင် ဆရာတော်က ပွဲမထည့်ဘူး လုပ်နေတာကို လောင်းကစားဒိုင်တရုတ အုပ်ချုပ်ရေးနဲ့ပေါင်းပြီး ဝိုင်းတွေထည့်မယ် လုပ်နေတယ်”ဟု ရပ်ကွက် ၁၂ နေ ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
လားရှိုးတွင် ဖြစ်ပွားခဲ့သည့် လူပြန်ပေးမှုများအနက် ရပ်ကွက် ၁၂ မှ သူဌေးတစ်ဦး အပါအဝင် လူ၄ ဦးကို ပြန်ပေးဆွဲမှုများတွင် ပြန်ရွေးရန် ကျပ်သိန်းပေါင်း ၄ သောင်းခွဲအထိ အများဆုံး ပေးခဲ့ဖူးသည်ဟု ၎င်းက ဆိုသည်။
ယမန်နေ့မှာပင် လားရှိုးမြို့ အခြားနေရာများ၌ လုယက်မှု ၄ မှုခန့် ဖြစ်ပွားခဲ့သေးကြောင်းလည်း သိရပြီး ရေကန် လမ်းဘက်လုယက်မှုမှ ဘူတာဘက်နေသည့် ကျူးလွန်သူတစ်ဦးကိုသာ ဖမ်းဆီးမိထားကြောင်း သိရသည်။
လားရှိုးမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့်နှစ် ဧပြီလတွင် ပြန်လည် ထိန်းချုပ်ခဲ့သော်လည်း တရားဥပဒေ စိုးမိုးရေးကိုမူ တစ်နှစ်နီးပါးကြာသည့် ယနေ့အချိန်ထိ လုပ်ဆောင်နိုင်စွမ်း မရှိဘဲ ရာဇဝတ်မှုများ နေ့စဥ်လို ဖြစ်ပွားလျက်ရှိသည်။
#MeKongNews