မြောင်းမြတွင် လယ်ကန်သင်းပေါက်ရာမှ ပေါ်လာသည့် ဘုရားဆင်းတုတော်ကို ဖူးမြော်သူ များပြား

မြောင်းမြတွင် လယ်ကန်သင်းပေါက်ရာမှ ပေါ်လာသည့် ဘုရားဆင်းတုတော်ကို ဖူးမြော်သူ များပြား
DVB

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကျွန်းဒိတ်ကျေးရွာမှာ လယ်ကန်သင်းပေါက်ရာကနေ ဘုရားဆင်းတုတော်တဆူ ပေါ်ထွက်လာလို့ စိတ်ဝင်တစား ဖူးမြော်နေကြတဲ့သူတွေ များပြားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီလ ဒုတိယအပတ်ကစတင်ပြီး ကျွန်းဒိတ်ကျေးရွာက ဒေါ်သန်းအေးရဲ့ လယ်ကွက်ထဲကနေ လယ်ကန်သင်းပေါက်ရာက ဘုရားဆင်းတော်တဆူကို တွေ့ရှိတာကြောင့် ယာယီကျောင်းဆောင်လုပ်ကာ ဖူးမြော်နေကြတာလို့ သိရပါတယ်။
ကျွန်းဒိတ်ရွာသားတယောက်က “လောလောဆယ် ယာယီစံကျောင်းနဲ့ ပူဇော်ထားတာ တွေ့ရတယ်။ အတိတ်နိမိတ်ကောင်းတယ်ဆိုပြီး ဒီအနီးအနားရွာတွေက တော်တော်များများ လာဖူးကြတယ်” လို့ ပြောပါတယ်။
အဲဒီဘုရားဆင်းတုတော်ကို ပေါ်တော်မူစေတီလို့ ခေါ်ဆိုပြီး လာရောက်ဖူးမြော်ကြတဲ့အပြင် ဘုရားဆင်းတုတော် ပေါ်ပေါက်လာတဲ့ လယ်ကွက်အတွင်းက ရေတွေကိုလည်း အန္တရာယ်ကင်းစေတဲ့ ရေစင်တော်အဖြစ် ယုံကြည်မှုနဲ့ ရေသန့်ဘူးတွေနဲ့ အလုအယက် ခပ်ယူမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အဲဒီဆင်းတုတော်ကို လာရောက်ဖူးမြော်သူတယောက်က “အတိတ်ကောင်း နိမိတ်ကောင်းပေါ့၊ ရောဂါအန္တရာယ် အသွယ်သွယ်ကနေ ကင်းဝေးဖို့ဆိုပြီး ဆင်းတုတော်ကို ဖော်ယူခဲ့လို့ ကျန်နေခဲ့တဲ့ အိုင်ခွက်ထဲက ရေတွေကို ခပ်ယူပြီး သောက်ကြ၊ လိမ်းကြ လုပ်နေကြတာ” လို့ ပြောပါတယ်။
အဲဒီဘုရားဆင်းတုတော်ကို လာရောက်ဖူးမြော်သူတွေ အလွန်များပြားနေတဲ့အတွက် ဘုရားဖူးတွေ အခက်အခဲမဖြစ်စေဖို့ ကျေးရွာတာဝန်ရှိသူတွေနဲ့ ဘုန်းတော်ကြီးတွေက ကူညီစီစဉ်ပေးနေတယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ်လောက်ကလည်း ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကြခတ်ကျေးရွာဘက်မှာ လယ်ကွင်းထဲက ဘုရားဆင်းတုတော် အများအပြား ထွက်ပေါ်ခဲ့လို့ ဖူးမြော်သူတွေ အလွန်များပြားခဲ့ဖူးပါတယ်။
#DVB #မြောင်းမြ #ပေါ်တော်မူဘုရား #ဘုရားဆင်းတုတော်