တာချီလိတ်တွင် အမျိုးသမီးသေဆုံးမှု၊ အလောင်းကို မီးသင်္ဂြိုဟ်ခဲ့ပြီး ၁၀ ရက်ကျော်သည်အထိ ဖြစ်စဉ်မှန် မသိရသေး
ရောင်နီ
မဇ္ဈိမ။ ။ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အမျိုးသမီးငယ်တဦး ပျောက်ဆုံးခဲ့ပြီး မီးသဂြိုဟ်ပြီးမှ သေဆုံးကြောင်း သိရသည့်ကိစ္စနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန်ကို မသိရသေးကြောင်း မိသားစုနှင့် နီးစပ်သူက ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မဇ္ဈိမကို ပြောသည်။
“ အခုအထိ သေမှုသေခင်းပဲ ဖွင့်ထားတယ်။ ၁၃ ရက်နေ့က ဖြစ်တာ အခုက ၂၃ ရက်နေ့ရှိပြီဆိုတော့ ၁၀ ရက်ရှိလာပါပြီ။ ဖြစ်စဉ်အမှန်ကို အမြန်ဆုံး သိချင်ပါတယ်။ ကြာသွားရင် ဒီအမှုကို အေးသွားမှာကြောက်တယ်။ သတင်းငြိမ်သွားရင် သူတို့ ပေါ့သွားမှာ” ဟု မိသားစုနှင့် နီးစပ်သူက ဆိုသည်။
တာချီလိတ်မြို့တွင် နေထိုင်သည့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးငယ်သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ၎င်း၏ နေအိမ်၌ရှိနေစဉ် ၎င်း၏ သူငယ်ချင်း အမျိုးသမီးက လာရောက်ခေါ်ဆောင်သည့်အတွက် ကထော့ဆိုင် (ဘိန်းစာရွက်အရည်ရောင်းချသည့်ဆိုင်)သို့ တခြားသူငယ်ချင်းများနှင့်အတူ သွားရောက်ခဲ့ကြောင်း သိရသည်။
“ သူ့သူငယ်ချင်းက လာခေါ်လို့ ဟောင်လိတ်ဆေခမ်းမှာရှိတဲ့ ကထော့ဆိုင်ကို သွားပြီး သူငယ်ချင်း ငါးယောက်ထိုင်ကြတယ်။ အဲ့ဒီမှာ သေဆုံးသွားတဲ့ ညီမလေးက သူ့သူငယ်ချင်းအမျိုးသားနှစ်ယောက်ကို ထပ်ခေါ်တယ်ပြောတယ်။ သူတို့ကလည်း သူတို့ကိုယ်သူတို့ ဗိုလ်တွေပါဆိုပြီး သူ့သူငယ်ချင်းတွေကို မိတ်ဆက်သွားတယ်” ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။
ထိုနောက် ကထော့ဆိုင်မှ အပြန်တွင် သေဆုံးသွားသူ အမျိုးသမီးသည် အဆိုပါ အမျိုးသားနှစ်ဦးနှင့် အတူပြန်သွားကာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစ၍ သူငယ်ချင်းများနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုအချိန်မှစ၍ လူမှုကွန်ရက်စာမျက်နှာမှတဆင့် လူပျောက်ကြောင်း ပို့စ်တင်ခြင်း၊ လူပျောက်တိုင်ကြားခြင်းများ ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညပိုင်းတွင်မှ သေဆုံးသွားပြီဖြစ်ကြောင်းကို မိသားစုဝင်များက သိရှိခဲ့ရခြင်း ဖြစ်သည်။
“ ၁၇ ရက်နေ့မှာ ဟောင်လိတ်ရဲစခန်းမှာ လူပျောက်သွားတိုင်တာ။ အဲ့ဒီတော့မှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညပိုင်းမှာ မြို့ပတ်လမ်းနားမှာ အလောင်းတလောင်းတွေ့လို့ ဆိုပြီး ပြောတယ်။ အဲ့တော့မှ သေဆုံးပြီဆိုပြီး သိရတာ။ ပြီးတော့ အပုပ်နံ့တွေ ထွက်နေတဲ့အတွက် ၁၇ ရက်နေ့ နေ့လယ်မှာ ပိုင်ရှင်မဲ့ဆိုတဲ့ ပုံစံမျိုးနဲ့ မီးသဂြိုဟ်လိုက်တယ်ဆိုပြီး ပြောတယ်။” ဟု မိသားစုနှင့် နီးစပ်သူ က ပြောသည်။
ပျောက်ဆုံးနေသည့် အမျိုးသမီး သေဆုံးသွားကြောင်းကို မိသားစုဝင်များက ၎င်းဝတ်ဆင်သွားသည့် အဝတ်အစားနှင့် ဆွဲကြိုးမှတဆင့် အတည်ပြုခဲ့ရခြင်း ဖြစ်သည်။
အမျိုးသမီးငယ် သေဆုံးမှုကို ရဲစခန်းမှ “ အပျော်လွန်ကာ ဆေးလွန်ကဲ၍ သေဆုံးခြင်း ဖြစ်နိုင်သည်” ဟု ပြောဆိုခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူက ပြောသည်။
အလားတူ အလောင်းပြန်လည်တွေ့ရှိချိန်က ရိုက်ကူးထားသည့် ဓာတ်ပုံများကို မိသားစုဝင်တချို့ ကြည့်ရှုခွင့်ရခဲ့ပြီး ညှဉ်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများ တွေ့ရသည်ဟု ပြောဆိုမှုရှိကြောင်း မိသားစုနှင့် နီးစပ်သူက ပြောသည်။
“ ဓာတ်ပုံထဲမှာ မျက်နှာက ယောင်ကိုင်းနေတယ်။ လက်တွေမှာလည်း ရုန်းကန်ထားရတာကြောင့် ကုတ်ရာတွေရှိတယ်။ လက်မောင်းတွေ ညိုမဲတယ်။ လည်ပင်းမှာလည်း ရဲနေတဲ့ အရာတခုရှိတယ်။ လက်လည်း ကျိုးနေတယ် ဆိုတာကို ဓာတ်ပုံထဲမှာ တွေ့တယ်ဆိုပြီး ပြောတယ်” ဟု ဆိုသည်။
သို့သော် ယင်းဓာတ်ပုံများကို ရဲစခန်းက ကာယကံရှင် မိသားစုထံ ပြသမှုသာ ပြုလုပ်ခဲ့ပြီး ကူးယူရန် ခွင့်မပြုခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖြစ်စဉ်ဖြစ်ပွားပြီး ၁၀ ရက်ကျော်ကြာလာချိန်အထိ ရင်ခွဲရုံမှ ဆေးစစ်ချက်ထွက်မလာသေးသလို ရဲစခန်းဘက်မှလည်း သေဆုံးမှုနှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်နေဆဲဟု အကြောင်းပြန်ထားကြောင်း မိသားစုနှင့် နီးစပ်သူက ပြောသည်။
“ အခု ရဲတွေက အမှုကို လိုက်နေတယ်ဆိုပြီး သိရတယ်။ အမှုကတော့ သေမှုသေခင်းပဲ ဖွင့်ထားတာ။ ဆေးစစ်ချက်ရမှ ပုဒ်မပြောင်းမယ်ဆိုပြီးလည်း ပြောတယ်။ ကောင်မလေးနဲ့အတူ ပါသွားတဲ့ အမျိုးသားနှစ်ယောက်ရဲ့ အခြေအနေကိုလည်း သိရပြီ ၊ သူတို့က တာချီလိတ်က မဟုတ်ဘူး ၊ ရှာနေတယ်ဆိုပြီး ရဲက ပြောတယ်ပေါ့။ ဗိုလ် လို့ဆိုပြီး ပြောတဲ့ကိစ္စကတော့ အတည်မပြုနိုင်သေးဘူး။ ဗိုလ်လည်း ဖြစ်နိုင်သလို ဗိုလ်နာမည်ယူသုံးပြီး လုပ်တာလည်း ဖြစ်နိုင်တယ်။” ဟု ဆိုသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး မိသားစုဝင်များက အမှုမှန် ပေါ်ပေါက်ရန် လိုလားနေပြီး အမှုမှန် ပေါ်ပေါက်ပါကလည်း လူအစားထိုး မဟုတ်ဘဲ ကျူးလွန်သူအစစ်အမှန်ကိုသာ ပြစ်ဒဏ်ကျခံစေလိုနေကြောင်း မိသားစုနှင့် နီးစပ်သူက ပြောသည်။
အမျိုးသမီးငယ်သေဆုံးမှုနှင့် ပတ်သက်၍ စစ်ဆေးမှု ပြုလုပ်နေသည့် အခြေအနေများကို အသေးစိတ်သိရှိနိုင်ရန် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
သေဆုံးသွားသည့် အမျိုးသမီး၏ ရက်လည်ဆွမ်းသွပ်ခြင်းကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ၎င်း၏ နေအိမ်၌ပင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ မူးယစ်ဆေးဝါးများ ပေါများလာခြင်းနှင့်အတူ လုယက်မှု၊ ပြန်ပေးဆွဲမှု ဖြစ်စဉ်များ မကြာခဏဖြစ်နေပြီး လူသေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း ဒေသခံများက ပြောကြားထားသည်။
စာတည်း – သန့်ဇော်(သန်လျင်)
ဓာတ်ပုံ – ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တဦး ပျောက်ဆုံးခဲ့ပြီး မီးသဂြိုလ်ပြီးမှ သေဆုံးကြောင်း သိရသည့် ကိစ္စနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန်ကို မသိရသေးကြောင်း မိသားစုနှင့် နီးစပ်သူက ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မဇ္ဈိမကို ပြောသည်။ (လူမှုကွန်ရက်)
#တာချီလိတ်မြို့
#မူးယစ်ဆေးဝါး
#ပြန်ပေးဆွဲမှု
#မီးသင်္ဂြိုဟ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews