NUG ရဲ့မြေအောက်ဆေးရုံ မိုင်းခွဲဖျက်ဆီးခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲမှာ လျှို့ဝှက်ဆောက်လုပ်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြေအောက်ဆေးရုံ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက မြေအောက်ဆေးရုံအတွင်းပိုင်းထဲအထိဝင်ပြီး မိုင်းတွေတပ်ဆင် ဖောက်ခွဲဖျက်ဆီးနေတဲ့ ရုပ်သံဖိုင်တွေကို ဖြန့်ဝေနေကြပါတယ်။

ရုပ်သံဖိုင်ထဲမှာတော့ ဖေဖော်ဝါရီ ၁၉ ရက် ရက်စွဲနဲ့ “ဖျက်ဆီးမှုမှတ်တမ်း”လို့ ဖော်ပြထားပေမယ့် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တာလို့ နွားထိုးကြီးပကဖရဲ့ တာဝန်ရှိသူတစ်ဦးက ထုတ်ပြောပါတယ်။

စစ်ကော်မရှင်က ဒီမြေအောက်ဆေးရုံရဲ့ တည်နေရာကို ထောက်လှမ်းရေးဒရုန်းတွေကတဆင့် တွေ့သွားတာဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

စစ်တပ်က “၂၀၂၅ နှောင်းပိုင်းလောက်မှာ လေကြောင်းနဲ့ လာကြဲတယ်။ အဲဒီကတည်းက ဒီဆေးရုံနေရာကို ခန့်မှန်းနိုင်နေပြီ။ အဲဒီနောက် အင်အားရာချီသုံးပြီး စစ်ကြောင်းဖြန့်ရှာတာတွေလုပ်ခဲ့တယ်” လို့ သူက ဆက်ပြောပါတယ်။

အဲဒီဆေးရုံဟာ ပဲကြီးခင်းကျေးရွာအနီးမှာ ရှိပြီး ၂၀၂၄ နှစ်ကုန်ပိုင်းကမှ ကုသရေးလုပ်ငန်းတွေ စပြီးလည်ပတ်ခဲ့တာလို့ သူက ဆိုပါတယ်။

” ဒီဆေးရုံကိုဆောက်တုန်းက ကျပ်သိန်း ၁,၂၀၀ ကျော်လောက်ကုန်ခဲ့တယ်။ ခုတင် ၁၀၀ လောက်ဆံ့ပါတယ်” လို့ သူကဆက်ပြောပါတယ်။

စစ်ကော်မရှင်တပ်တွေ ဆေးရုံကို ဖျက်ဆီးမှုမလုပ်ခင် ၁၀ ရက်လောက်အလို ဖေဖော်ဝါရီ ဒုတိယအပတ်လောက်ကတည်းက ဆေးရုံဝန်ထမ်းတွေနဲ့ လူနာတွေကို တခြားတစ်နေရာကို ပြောင်းရွှေ့ခဲ့တာကြောင့် လူထိခိုက်တာတော့ မရှိဘူးလို့ သူက ပြောပါတယ်။