ဟားခါးမြို့ပေါ် စစ်အုပ်စု ဒု-ဗိုလ်ချုပ်ကြီးအဆင့် ရာပြည့် ရောက်နေချိန် ဒရုန်းနဲ့ တိုက်ခိုက်၊
ဒေါ်လာ/MFP၊ ဖေဖေါ်ဝါရီ – ၂၀
.
ချင်းပြည်မြို့တော် ဟားခါးမြို့ကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်အောက်ခံ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ရာပြည့် ရောက်နေချိန် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ရာပြည့် ဆိုသူ ပြန်ပြေးသွားတယ်လို့ ချင်းတော်လှန်ရေးတပ် Chinland Defense Force – Hakha က သတင်း ထုတ်ပြန်ပါတယ်။
ဖေဖေါ်ဝါရီ ၂၀ရက် ဒီကနေ့ ကျရောက်တဲ့ ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် စစ်အုပ်စုက ဟားခါးမြို့ပေါ် ပျော်ပွဲရွှင်ပွဲ လုပ်ခဲ့ပြီး ရာပြည့် ဆိုသူ ရောက်နေချိန် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“အကြမ်းဖက်သမား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အခြား ပြည်ထောင်စုအဆင့် အကြမ်းဖက်လူကြီး (၁၇) ဦး၊ အကြမ်းဖက် ချင်းပြည်နယ်ဝန်ကြီးချုပ်မှ မြို့နယ် အဆင့် စစ်ကျွန် ဝန်ထမ်းများနှင့် ဝန်ကြီး ဦးကောလ်လျန်ထန်း၏ တင်ဒါအခွင့်ထူးခံ ကုမ္ပဏီ (၄၂) ခုတို့ အပါအဝင် (၇၈) နှစ်မြောက်နေ့ ချင်းအမျိုးသားနေ့ကို ဟားခါးမြို့၊ မြိုနယ်စုပေါင်းရုံးနှင့် ခရိုင်စု ပေါင်းရုံးရှေ့တွင် ကျင်းပနေသော အကြမ်းဖက်အဖွဲ့ကို CDF-Hakha ၏ ဒရုန်းတပ်ဖွဲ့မှ တိုက်ခိုက်ရာ မရှုမလှ ပွဲပျက်သွားခဲ့သည်။ သုံးရက်ခန့်နေပြီး အကြမ်းဖက်မှုနည်းမျိုးစုံ ညွှန်ကြားရန် ပြင်ဆင်ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ခွေးပြေးဝက်ပြေး ထွက်ပြေး တိမ်းရှောင်ကာ ချက်ချင်းပြန်လှည့် သွားခဲ့ရသည်။ နောက်နောင်မှာလည်း အကြမ်းဖက်စစ်ကော်မရှင်၏ လုပ်ငန်းလည်ပတ်မှုတွင် ကျောထောက်နောက်ခံ ပြုနေသော မည်သူမဆို စစ်ရေးအရ ထိရောက်စွာ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း အသိပေးလိုက်သည်” လို့ CDF-Hakha က ဖော်ပြပါတယ်။
ဟားခါးမြို့ပေါ် မှာ ၇၈နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် စစ်အုပ်စုက ဒီကနေ့ အယောင်ပြ ပျော်ပွဲရွှင်ပွဲ လုပ်ခဲ့ပြီး အဲ့ဒီ ပွဲကို မင်းအောင်လှိုင် လက်အောက်ခံ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ရာပြည့် လာရောက်တာကြောင့် စစ်အုပ်စုက ဟားခါးမြို့ပေါ် စျေးဆိုင်တွေကို စျေးရောင်းခွင့် ပိတ်တာ၊ လမ်းပိတ်တာတွေ လုပ်ကာ လုံခြုံရေး တင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဟားခါးမြို့အဝင်အထွက်တွေကိုပါ စစ်အုပ်စုက လုံခြုံရေး တင်းကြပ်ခဲ့ပြီး ဟားခါး -ထန်တလန် လမ်း၊ ဟားခါး -ဖလမ်း ကားလမ်း၊ ဟားခါး- ဂန့်ဂေါလမ်းတွေမှာလည်း တားမြစ်စစ်ဆေးတာတွေ ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လမ်းတွေကတော့ အကုန် ပိတ်ထားတယ်။ အစိမ်းကောင်တွေ အများကြီးပဲ လမ်းပေါ်မှာ”
တချိန်တည်းမှာပဲ ဟားခါးမြို့ပေါ် အာဏာသိမ်း စစ်အုပ်စုက ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အယောင်ပြ ပျော်ပွဲရွှင်ပွဲ လုပ်နေလို့ လမ်းတချို့ကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားချိန် လမ်းမှားဝင်လာမိတဲ့ ဆိုင်ကယ်စီး အမျိုးသားတစ်ဦးကို စစ်အုပ်စုက ပစ်သတ်လိုက်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက် ဒီကနေ့ မနက်ပိုင်း ဟားခါးမြို့မှာ အိမ်ကနေ စျေးဝယ်ဆိုပြီး ဆိုင်ကယ်စီး ထွက်သွားတဲ့ အသက် ၃၅အရွယ် စစ်ဘေးရှောင်ပြည်သူ အမျိုးသား တစ်ဦး စစ်အုပ်စုရဲ့ ပစ်သတ်ခံလိုက်ရတာလို့ ဆိုပါတယ်။
“လမ်းပေါ် ဆိုင်ကယ်နဲ့ သွားတဲ့ အချိန် ပစ်ခံရတာ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူ အမျိုးသားဟာ ဖလမ်းမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ဟားခါးမြို့ကို ပြောင်းရွှေ့ လာတဲ့ စစ်ဘေးရှောင်ပြည်သူဖြစ်ပြီးတော့ စျေးဝယ်သွားရင်း လမ်းမှားဝင်မိလို့ စစ်အုပ်စုရဲ့ ပစ်သတ်ခြင်း ခံရကာ အလောင်းကို ဒီမနက်ပိုင်း ကောက်ယူခဲ့ရပြီး ဦးခေါင်း ကျည်ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ချင်းပြည်တွင်း ၁၂မြို့နယ် ရှိတဲ့အနက် ဒုတိယမြို့တော် ဖလမ်းမြို့ အပါအဝင် ရှစ်မြို့နယ်ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပြီး မြို့တော် ဟားခါး အပါအဝင် လေးမြို့နယ်ကို စစ်အုပ်စုက ဆက်လက် ထန်းချုပ်ထားဆဲ ဖြစ်ပါတယ်။