နိုင်ငံတော်ပြိုကွဲပျက်စီးစေမည့်လုပ်ရပ်များစွာရှိနေ၍ နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားနေဟု အကြမ်းဖက် မင်းအောင်လှိုင် ဆိုပြန်

နိုင်ငံတော်ပြိုကွဲပျက်စီးစေမည့်လုပ်ရပ်များစွာရှိနေ၍ နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားနေဟု အကြမ်းဖက် မင်းအောင်လှိုင် ဆိုပြန်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
နိုင်ငံတော်ပြိုကွဲပျက်စီးစေမည့်လုပ်ရပ်များစွာရှိနေ၍ နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားနေကြောင်း အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုပြန်သည်။
ယနေ့ ကျရောက်သည့် ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် မင်းအောင် လှိုင်က သဝဏ်လွှာတွင် ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။
ယနေ့အချိန် ချင်းပြည်နယ်၏ နေရာဒေသအချို့ အပါအဝင် နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံတော်ပြိုကွဲပျက်စီးစေမည့် အဖျကလုပ်ရပ်များစွာ ရှိနေခြင်းမှာ နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီးမားလှကြောင်း မင်းအောင်လှိုင်က ဆိုသည်။
တိုင်ရင်းသားများအကြား နှစ်ပေါင်းထောင်နှင့်ချီ၍ ဖြစ်တည်လာခဲ့သည့် သံယောဇဉ်နှင့်ချစ်ကြည်ရင်းနှီးမှုတို့ကို ဖြိုခွဲ ဖျက်ဆီးလျက်ရှိကြသည့် ပြည်တွင်းပြည်ပ အဖျက်အင်အားစုတို့၏ အချင်းချင်း မုန်းတီးစေရန် သွေးခွဲရန်တိုက်ပေးမှုများ၊ ကျဉ်းမြောင်းသော လူမျိုးရေးအယူဝါဒသွတ်သွင်းနေမှုများကို အထူးသတိပြု ကာကွယ်ကြရန် လိုအပ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောသည်။
ယခုကြုံတွေ့နေရသည့် အကြမ်းဖက်လုပ်ရပ်များမှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ် ခဲ့သည့် မဲမသမာမှုရလဒ် ပယ်ဖျက်ခံရသည့် အပေါ် အမှန်ကို အမှန်အတိုင်း သုံးသပ်ရှုမြင်မှုမရှိဘဲ အာဏာကို အဓမ္မမနည်းဖြင့် လိုအပ်ချက်တပ်မက်သည့် ဆန္ဒကြောင့် သွေးထိုးလှုံ့ဆော်မှုများမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံနှင့် ပြည်သူအပေါ် သဘောထားမမှန်ကန်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့ကလည်း ဖြစ်ပေါ်လာသည့် မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး တည်ငြိမ်အေးချမ်း နေသော ဒေသများကို အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီးပြီး နယ်မြေနှင့် အာဏာ ချဲ့ထွင်ရန် လုပ်ဆောင် ခဲ့ကြကြောင်း မင်းအောင်လှိုင်က ဆိုသည်။
လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် NCA ပါ သဘောတူညီချက်များအတိုင်း အကောင် အ ထည် ဖော်ဆောင်ရွက်လျက်ရှိပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ ထာ၀ရငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ တံခါးဖွင့်ကြိုဆိုလျက်ရှိကြောင်း ၊ လာမည့် မတ်လတွင် ရွေးကောက်ပွဲရလာဒ်များအရ လွှတ် တော် အစည်းအဝေးများကို ကျင်းပမည်ဖြစ်ပြီး ပေါ်ထွက်လာသည့် အစိုးရအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်များကို လွှဲအပ်သွားမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုထားသည်။