ဗိုလ်နဂါးစစ်တပ်နဲ့ပူးပေါင်းပြီး နာရီပိုင်းအကြာမှာ PDFဆီလက်နက်ချတဲ့BNRAတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကိုစစ်တပ်ဗုံးကြဲ၊တစ်ဦးသေဆုံး
ဖေဖော်ဝါရီ-၁၉၊၂၀၂၆။အိမ်သွင်/People’s Spring
ဗိုလ်နဂါးကစစ်တပ်နဲ့ ပူးပေါင်းပြီး နာရီပိုင်းအကြာမှာ PDF ထံလက်နက်ချခဲ့တဲ့ BNRA တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာကြောင့် BNRA တပ်ဖွဲ့ဝင်တဦးသေဆုံးခဲ့တယ်လို့ ဒေသခံ နဲ့တော်လှန်ရေးရဲဘော်အချို့ကပြောပါတယ်။
“BNRAအဖွဲ့ဝင်တွေလက်နက်ချလို့ယာယီထိန်း
သိမ်းထားတဲ့နေရာကိုတည့်တည့်ကြဲတာ။ အဲ့ဒီနေရာကို နဂါးသိတယ်။ ဒဏ်ရာရသူတချို့ရှိတယ်။ တစ်ယောက်ကတော့ ဆုံးသွားတယ်” လို ပုလဲမြို့ခံတစ်ဦးကပြောပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့ညနေပိုင်းကဗိုလ်နဂါးကို စစ်တပ်က ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်သွားပြီး နာရီအနည်းငယ်အကြာမှာ ဗုံးကြဲတာလို့ဒေသခံနဲ့ တော်လှန်ရေးရဲဘော်အချို့ကပြောပါတယ်။
ပုလဲမြို့နယ်ထဲမှာရှိတဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့စခန်းအချို့ကို ယင်းမာပင်ခရိုင်က PDF တပ်ရင်းတွေကဖေဖော်ဝါရီလ၁၇ရက်မနက်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့တာပါ။မနက် ၇နာရီခန့်ကနေ မနက် ၁၁ နာရီခန့်အထိတိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်းပစ်ခတ်မှုတွေငြိမ်သက်သွားတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ပုပ္ပါရွာ နဲ့ ဇီးတော
ရွာကြားကို မနက် ၁၀နာရီခန့်မှာ တစ်ကြိမ်၊ နေ့ခင်း ၂နာရီခန့်မှာတစ်ကြိမ် စစ်တပ်က ဂျိင်ရိုကော့ပတာနဲ့ ဗုံးကြဲခဲ့ပါတယ်။ PDF တွေရဲ့ တည်နေရာကို ဗိုလ်နဂါးက စစ်တပ်ထံ သတင်းပေးပြီး ဗုံးကြဲခိုင်းတာလို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၈ နေ့မနက်ပိုင်းမှာ ဗိုလ်နဂါးရှိမယ်ထင်တဲ့နေရာကို PDFတွေက ပိတ်ဆို့ထားစဉ်မှာပဲ ပုလဲမြို့အနီးက သေတ္တရာရွာကို ဝင်လာတဲ့စစ်တပ် စစ်ကြောင်းရဲ့ အကူအညီနဲ့ ဗိုလ်နဂါးက ထွက်ပြေးသွားခဲ့ပါတယ်။ ဗိုလ်နဂါးအပါအဝင်သူ့နောက်
လိုက်အချို့ကို စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စီးနဲ့ ခေါ်ထုတ်သွားတာဖြစ်ပါတယ်။
BNRA တပ်ဖွဲ့ဝင်တွေဟာPDFနဲ့ ပကဖထံ လက်
နက်ချပူးပေါင်းလာသူ တွေလည်း ရှိပါတယ်။ စုစုပေါင်း အင်အား၁၅၀ခန့် လက်နက်ချတာ၊ အလင်းဝင်တာရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်
ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဗိုလ်နဂါးကစစ်တပ်နဲ့ပေါင်းသွားပြီဖြစ်လို့ ယင်းမာပင်ခရိုင်ထဲက ဒေသခံပြည်သူတွေနဲ့တော်လှန်ရေးအင်အားစုတွေ လေကြောင်းအန္တရာယ်ပိုမိုသတိပြုကြဖို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်း
ဆောင် ဦးဇော်ထက်ကသတိပေးထားပါတယ်။
အရင်ကလည်းယင်းမာပင် ခရိုင်အတွင်းက တပ်
ရင်းတပ်ဖွဲ့တွေရဲ့တပ်စခန်းတွေ၊ပအဖဂိတ်စခန်းတွေကိုလေကြောင်းတိုက်ခိုက်မှုခံရခြင်းမှာ တော်
လှန်ရေး သမားအမည်ခံနဂါးရဲ့ သတင်းပေးပို့မှုကြောင့်လို့ ဦးဇော်ထက်ကလူမှုကွန်ရက်မှာရေး
ထားထားပါတယ်။ ဒါပေမယ့် အဲဒီအချက်အလက်အပေါ် People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါဘူး ။
(BNRA တပ်ဖွဲ့ဝင်အချို့ ကိုစစ်သင်တန်းဆင်းပွဲ
တခုမှာတွေ့ရစဥ်။ဓါတ်ပုံ-BNRA)