“ရော့ . . . အဲဒီမှာ ပေါက်ပြားတွေကို ကိုင်၊ နင်တို့ သေတွင်းကို နင်တို့ တူးကြ”
ဗိုလ်နဂါးက အမိန့်ပေးလိုက်သည်နှင့် ပေါက်ပြား၊ ပေါက်တူးများက အသက် ၁၆ နှစ်သာ ရှိသေးသော သမီးငယ် မဝါဝါ (အမည်လွှဲ)ကို ရင်ခွင်တွင်းထည့်ပွေ့ထားသည့် မိခင်ရှေ့သို့ အရှိန်နှင့် ပြုတ်ကျလာသည်။
BNRA လက်နက်တိုက် ပေါက်ကွဲမှုတွင် သံသယရှိသဖြင့် စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်မှာ ဗိုလ်နဂါးက ပုလဲမြို့နယ်()ရွာမှ အသက် ၁၇ နှစ်အရွယ် မဇာဇာ(အမည်လွှဲ)၊ အသက် ၁၆ နှစ်အရွယ် မဝါဝါ(အမည်လွှဲ) အပါအဝင် မိသားစုဝင် ၆ ဦးကို ပွိုင့်ကုန်းစခန်း၌ ဖမ်းဆီးချုပ်နှောင်ထားခြင်း ဖြစ်သည်။
ရက် ၂၀ ခန့် ဖမ်းဆီးချုပ်နှောင်စစ်ဆေးခံရပြီးနောက် အပြစ်မရှိသဖြင့် ပြန်လွှတ်ပေးဖို့ မိသားစုဝင် ၆ ဦးစလုံးက ဗိုလ်နဂါးကို တောင်းပန်ကြသည်။ ဗိုလ်နဂါးက ပြန်လွှတ်ပေးမည်။ သို့သော် ဝါဝါ နှင့် ဇာဇာ ကို စခန်းမှာ ထမင်းချက်ဖို့ ထားခဲ့ရန် ပြောသည်။
“ခလေးတွေ နှစ်ယောက်ကို ထမင်းချက်လိုက်ခဲ့တဲ့၊ ကျမ သမီးလေးတွေ ခံထားရတာလေ၊ သူတို့လုပ်ရပ်က ဘယ်လိုတုန်းဆိုတာ ကျမ သိတယ်၊ ကျမ အနေနဲ့ တွက်ကြည့်လိုက်ပါဦး၊ ဘယ်လိုစိတ်နဲ့ မိခင်တယောက်အနေနဲ့ ကျမက ထည့်ရပါ့မလဲ၊ သူတို့ရဲ့ စိတ်နေသဘောထားကို ကိုယ်ခံထားရပြီးမှတော့ ကျမ သိတယ်လေ၊ ဘယ်လို ယုံကြည်မှုမျိုးနဲ့ သူတို့လက်ထဲကို ကျမ သမီးလေးနဲ့ ကျမ တူမလေးကို ထည့်ရက်မှာလဲ၊ ကျမ သမီးကို မထည့်နိုင်ဘူး၊ ခွဲလည်း မခွဲနိုင်ဘူး”
အသက် ၁၆ နှစ်အရွယ် မဝါဝါ ၏ မိခင်က သမီးဖြစ်သူကို တင်းကြပ်နေအောင်ဖက်ထားပြီး ဗိုလ်နဂါး၏ တောင်းဆိုမှုကို ငြင်းဆိုလိုက်သည်။
“သွား၊ အဲဒီသားအမိနှစ်ယောက်ကို ဆွဲထုတ်၊ သူတို့ သေတွင်းကို သူတို့ တူးပလေ့စေ၊ သူတို့ နှစ်ယောက်ကို သေတွင်းတူးခိုင်းပြီးတော့ သူတို့ကို မြှုပ်ပစ်လိုက်”
ဗိုလ်နဂါးက ရဲဘော်တွေကို ထပ်မံအမိန့်ပေးသည့်အခါ ဝါဝါ နှင့် ဇာဇာ သမီးငယ်နှစ်ဦးစလုံးမှာ မိဘတွေကို အသက်အန္တရာယ်ကျရောက်မည့်ဘေးကို ကြောက်လန့်သဖြင့် ဗိုလ်နဂါးကို ရှိခိုးတောင်းပန်ပြီး ရှိုက်ကြီးတငင်ငိုကြွေးကာ ဗိုလ်နဂါး ခေါ်ဆောင်ရာသို့ လိုက်ပါသွားခဲ့ရသည်။
🔹လွန်ခဲ့သည့် ရက် ၂၀
BNRA တပ်ဖွဲ့ဝင်အချို့ ကားအနက် တစင်းဖြင့် ရောက်လာပြီး မိသားစုဝင်အားလုံးကို စစ်ဆေးမေးမြန်းရန်ရှိသည်ဟု ဆိုကာ စခန်းတခုသို့ ညနေ ၆ နာရီ ဝန်းကျင်တွင် ဖမ်းဆီးခေါ်ဆောင်သွားသည်။
ကျန်မိသားစုဝင်များအနက်မှ မဝါဝါကို သီးခြား ခေါ်ထုတ်၍ ဗိုလ်နဂါးက လက်ပြန်ကြိုးနှစ်ထပ်တုပ်ကာ မျက်နှာကိုလည်း ပဝါနှစ်ထပ်စည်းသည်။ ပြီးလျှင် မုန့်များကို အတင်းခွံ့ကာ ပဲနို့ကိုလည်း အတင်းတိုက်သည်။
“သမီးကို သူနဲ့ အတူ မအိပ်ဘူးဆိုရင် လွှတ်မပေးဘူး၊ နင့် မိဘတွေကိုလည်း မလွှတ်ပေးဘူး၊ အဲလိုမျိုးမှ မလုပ်ဘူးဆိုလို့ရှိရင် နင်တို့ အကုန်လုံးကို အမဲဝိုင်းဖြတ်မှာတဲ့” ဟု သမီးငယ် မဝါဝါက ပြောသည်။
ည ၈ နာရီထိုးသည်အထိ သမီးငယ် ပြန်မရောက်လာသဖြင့် မိခင်ဖြစ်သူက BNRA ရုံးတာဝန်ခံတဦးကို မေးမြန်းရာမှ နာရီပိုင်းအတွင်း မဝါဝါ မှာ မိခင်ဆီသို့ ငိုယိုပြီး ပြန်ရောက်လာသည်။
“သမီးက အန်တာတွေရော ငိုတာတွေရောဆိုတော့ သမီး ဘာဖြစ်တာလဲပေါ့၊ သမီးက တော်တော်နဲ့ ပြန်မပြောဘူး၊ ကျမ သမီးလေးကို လက်ကို ကြိုးတုပ်ထားတဲ့ ဒဏ်ရာက တော်တော်နဲ့ မပျောက်ဘူး၊ တကယ်လို့ ကျမတို့က လုပ်ခဲ့လို့ အပြစ်ရှိလို့ရှိရင် သတ်ပစ်လိုက် အဲဒီညကတည်းက အပိုင်းပိုင်း ခုတ်ပစ်လိုက် ကျမတို့ ခံနိုင်တယ်၊ အခု အပြစ်မရှိဘဲနဲ့ ကျမ သမီးလေး အသက်မပြည့်သေးဘဲ မုဒိန်းအကျင့်ခံရတာ တွက်ကြည့်လိုက်စမ်းပါဦး ကျမ မိခင်တယောက်အနေနဲ့ ဘယ်လိုခံစားရမလဲဆိုတာ”
ဟု ဆိုရင်း မဝါဝါ ရဲ့ မိခင်မှာ ချုံးပွဲချ ငိုပါတော့သည်။
လက်နက်တိုက်ပေါက်ကွဲသည့်ကိစ္စနှင့် မသက်ဆိုင်ကြောင်း စစ်ဆေးသိရှိသော်လည်း မဝါဝါက ဗိုလ်နဂါး မုဒိန်းကျင့်သည့်ကိစ္စကို ပြန်ပြောသဖြင့် မိသားစုဝင်များကို ပြန်မလွှတ်ဘဲ ဆက်လက်ချုပ်ထားခဲ့သည်။
ရက် ၂၀ မြောက်နေ့တွင် အချုပ်ခန်းမှ အပြင်သို့ထုတ်ပြီး ပေါက်ပြား၊ ပေါက်တူးများ ပစ်ချကာ ခြိမ်းခြောက်အကြပ်ကိုင်၍ ဗိုလ်နဂါးက သမီးငယ်နှစ်ဦးကို စခန်းသို့ ခေါ်ဆောင်ပြီး ကျန်မိသားစုဝင်များကို ပြန်လွှတ်ပေးခဲ့သည်။
🔹ငရဲခန်း ရက် ၆၀
ဝါဝါ နှင့် ဇာဇာ သမီးငယ် နှစ်ဦးမှာ ဗိုလ်နဂါးစခန်းသို့ ရောက်သည်နှင့် နေရာခွဲထားခံရသည်။ ဗိုလ်နဂါး၏ အနီရောင်ဆေးခြယ်ထားသော နှစ်ထပ်ရှိသည့် အခန်းငယ်လေး၏ မလှမ်းမကမ်းအဆောင်တွင် ဇာဇာကို ထားသည်။
“ဇာဇာ အကို့ကို လာနင်းပေးဦး ဆိုပြီး မနက် ၃ နာရီထိုးကြီးလည်း လာနှိုးခေါ်တယ်၊ တရက် မလိုက်ချင်လို့ မျက်နှာသစ်တဲ့ကန်နား သွားရှောင်နေလည်း အနောက်ကနေ လိုက်ခေါ်တယ်၊ အဲဒါ မိုးရေကြီးထဲ ဝါဝါ ရှိတဲ့ အဆောင်ကို မီးမပါဘဲ ပြေး၊ ခလုတ်တွေလည်း တိုက်၊ အနွေးထည်ဝတ်ပြီး အိမ်သာထဲပုန်းနေရတယ်၊ သူခေါ်လောက်မယ့် ညတွေဆိုရင် အိမ်သာထဲ သွားထိုင်နေရတာ၊ တော်တော်နဲ့ မထွက်ရဲဘူး၊ နေ့ခင်းကြီးလည်း ရေချိုးဖို့သွားတာမျိုးဆိုရင် မြင်လို့ရှိရင် သူက လှမ်းခေါ်တာ၊ နေ့ခင်းတွေလည်း ခေါ်အိပ်တယ်”
ဟု မဇာဇာက ပြောသည်။
“ဇာဇာ့ကို ခေါ်တဲ့နေ့ သမီးကို မခေါ်ဘူး၊ သမီးကို ခေါ်တဲ့နေ့ ဇာဇာ့ကို မခေါ်ဘူး၊ တလှည့်စီ ခေါ်တာ၊ ဟိုတယောက် မန္တလေးက အစ်မကတော့ အဖမ်းခံထားရတာ သုံးနှစ်လောက်ကြာပြီ၊ သမီးတို့ရောက်တော့ အဲဒီအစ်မကို သိပ်မခေါ်တော့ဘူး၊ သုံးခါလောက်ပဲ အခေါ်ခံရတယ်” ဟု မဝါဝါ က ဆိုသည်။
တယောက်တလှည့် တရက်စီ နေ့စဉ် ဗိုလ်နဂါးက အလိုရှိသည့်အတိုင်း လိင်ကျွန်လို ပြုကျင့်ခြင်းကို သမီးငယ်နှစ်ဦးမှာ ခါးစည်းခံခဲ့ကြရသလို ဖမ်းဆီးထားသည့် စစ်သားမယားဆိုသူ ကလေးနှစ်ယောက်အမေ ဖူးမြတ်ကိုလည်း ရံဖန်ရံခါ ခေါ်ယူ၍ ဗိုလ်နဂါးက ဆက်ဆံလေ့ရှိသည်ကိုလည်း တွေ့ခဲ့ရသည်ဟု ဆိုသည်။
“ရဲဘော်တွေရှေ့ဆိုရင် ဇာဇာရေ လိုက်ခဲ့ဦး အကို့ကို နင်းပေးဦး ဆိုပြီး ခေါ်ခေါ်သွားတာ၊ သမီးနဲ့ကျ အဆောင်ချင်းနီးတော့ ရဲဘော်တွေ အိပ်သွားတဲ့အချိန်ကျရင် ဇာဇာ အကို့ကို လာနင်းပေးပါဦး တံခါးကို ထုတယ်၊ ထုလည်း သမီးက မထွက်ဘူး၊ အဲဒီကျရင် နင် ငါ့အကြောင်း သိချင်တာလား ဆိုပြီး တံခါးကြီး ပစ်ဆောင့်ထိုးချတဲ့အခါ သမီးလည်း ကြောက်ပြီးမှ လိုက်သွားရတာ သူ့အခန်းထဲကို”
မဇာဇာက ဗိုလ်နဂါး၏ ယုတ်မာမှုကို ပြန်ပြောင်းပြောရင်း မျက်ရည်များ စီးကျလာသည်။
“အကို့အရွယ်က သမီးတို့ အဖေအရွယ်၊ ဦလေးအရွယ်လောက်ရှိတာ အကို နှမသားချင်းစာနာပါလို့ ၊ အကို့ကိုလည်း ဗိုလ်နဂါးလို့ စသိကတည်းက ဘုရားတဆူလို သမီးတို့က ကိုးကွယ်ခဲ့တာ၊ အသံကြားရုံနဲ့ကို တကယ်ကို လေးစားခဲ့ရတာ အဲဒီလို ပြောတာ တောင်းပန်တာလည်း မရဘူး၊ ဘယ်လိုပြောပြောကို မရဘူး သမီးတို့မှာ ထိုင်ငိုချခဲ့ရတယ်” ဟု မဝါဝါက ပြောသည်။
တခါတွင် သမီးငယ်ဇာဇာကို ခံပြောရမလားဆိုပြီး ဗိုလ်နဂါးက ဇာဇာ၏ ဆံပင်ကို ဆောင့်ဆွဲ၍ နံရံနှင့် ပစ်တိုက်ကာ အကြမ်းဖက်သဖြင့် တညလုံး ရှိခိုးပြီး ငိုယိုတောင်းပန်ခဲ့ရသည်ဟု ဆိုသည်။
🔹ရဲဘော်အချို့ ထွက်ပြေးကြ
ဝါဝါ နှင့် ဇာဇာ တို့မှာ နေ့စဉ် ထမင်းချက်၊ ရေခပ်ပြီးသည်နှင့် စိုက်ခင်းထဲသို့ ဆင်းရပြီး ပေါင်းနှုတ်ရသည်။ အနီးရှိ ချောင်းမှ မြေများကို သယ်ကာ လယ်ကွက်ထဲသို့ ဖြူးရသည်။ ဗိုလ်နဂါးအဝတ်တွေကိုလည်း လျှော်ဖွတ်ရတဲ့အပြင် အလိုရှိတိုင်း ခေါ်ယူပြီး လိင်ကျွန်သဖွယ် စိတ်ရှိတိုင်း မတရားပြုကျင့်တာကို ရက်ပေါင်း ၆၀ ခန့် ကြောက်လန့်စွာ ဖြတ်သန်းခဲ့ကြရသည်။
“နေ့ခင်းလည်း မနားရဘူး၊ ညဆိုလည်း ၁၁ ၁၂ မအိပ်ရဲဘူး၊ အိမ်သာထဲပဲ ထိုင်နေရတာ၊ သူခေါ်မှာ ကြောက်လို့ သူခေါ်ချင်မိရင် မရဘူး ၊ သမီးတို့မှာ အိပ်ချင်လို့ရှိရင် အိမ်သာထဲ သွားသွားငိုက်ရတာ၊ မီးဖိုချောင်ထဲမှာ ကြွပ်ကြွပ်အိတ်တွေ ခင်းပြီး သမီးတို့မှာ စုအိပ်ရတာ၊ သူက ၃ နာရီခေါ်မယ်ဆိုရင် ၂ နာရီလောက်ထဲက ထပြီး မီးဖိုချောင်ထဲ သုံးယောက် စုအိပ်နေရတယ်၊ သုံးယောက်အတူတူရှိနေရင် ဗိုလ်နဂါးက မခေါ်ရဲဘူး၊ ဒါပေမဲ့ ညမရရင် နေ့ဘက် ရအောင် ခေါ်တာပဲ” ဟု မဇာဇာက ဆိုသည်။
ကလေးမနှစ်ယောက်လုံး နေ့တိုင်း ငိုငိုနေကြသည်ကို ရဲဘော်တွေက တွေ့ဖန်များလာသောအခါ တချို့ရဲဘော်တွေက ရိပ်မိလာကြသလို ဗိုလ်နဂါး သက်ငယ်မုဒိန်းတင်မက လိင်ကျွန်ပြုနေသည်ကို သိသွားကြသဖြင့် ထွက်ပြေးသွားကြသည့် ရဲဘော်တွေလည်း ရှိသည်ဟု ဆိုသည်။
ဝါဝါ နှင့် ဇာဇာ တို့ ရောက်ခါစက ဗိုလ်နဂါး အနီးတွင် ကိုယ်ရံတော် ၉ ဦးရှိခဲ့သော်လည်း အသီးသီး ထွက်ပြေးသွားကြရာ ၃ ယောက်ပဲ ကျန်သည်။ မဝါဝါ ၏ အကိုအရင်း ဖြစ်သူ အသည်းအသန်နေမကောင်းဖြစ်သည့်အခါမှ သမီးငယ်နှစ်ဦးကို ဗိုလ်နဂါး ပြန်လွှတ်ပေးခဲ့သည်။
မဝါဝါ၏ အကို ဆုံးပါးအပြီး တလ ကြာသည့်အခါ BNRA မှ ဗိုလ်နက်ကျော် ဦးဆောင်သော လက်နက်ကိုင် ၇ ဦး ပါရှိသည့် အဖွဲ့က ည ၁၀ နာရီအချိန်တွင် ဝါဝါ နှင့် ဇာဇာ တို့ နေထိုင်ရာ ကျေးရွာသို့ ရောက်ရှိလာပြီး ထပ်မံခေါ်ဆောင် ဖမ်းဆီးရန် ကြိုးပမ်းသဖြင့် ဒေသခံများက ဝိုင်းဝန်းတားဆီးလုယူခဲ့ကြရသည်။
“ကျမ သမီးလေးတွေက ရှိခိုပြီး ဆရာရယ် ထမင်းချက်လိုက်ဆိုလည်း လိုက်ပါ့မယ်၊ ကြောက်ကြောက်လန့်လန့်နဲ့ ငိုယိုပြီး လိုက်သွားကြရတာ၊ အဲဒီညတုန်းက ကျမ သမီးလေးနဲ့ ကျမတူမလေးကို ခေါ်သွားတာ အဲဒီဖြစ်ရပ်ကို ကျမ ဘယ်တော့မှ မမေ့ဘူး”
မဝါဝါ ၏ မိခင်ဖြစ်သူက စကားဆက်မပြောနိုင်တော့ဘဲ ငိုကြွေးပါတော့သည်။
အခြား လူသတ်မှု၊ အကြမ်းဖက်မှုတွေ အပြင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်နှစ်ဦးကို မုဒိန်းကျင့်၊ လိင်ကျွန်ပြုခဲ့သည့် ဗိုလ်နဂါးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၀၆ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးရန် ထိန်းသိမ်းဖမ်းဆီးဖို့ ကြိုးပမ်းခဲ့သည်။
သို့ရာတွင် စစ်တပ်က တော်လှန်ရေးအတွင်း သွေးခွဲသပ်လျှိုရန် မြှန်နှံထားသည့် ဗိုလ်နဂါးကို အခြား စစ်တပ်နှင့် ဆက်စပ်ကွန်ရက်များ ပေါ်ပေါက်မည်စိုးသဖြင့်ရဟတ်ယာဉ်နှင့် အရေးပေါ် လာရောက်ကယ်ထုတ်သွားခြင်းကြောင့် ဗိုလ်နဂါးမှာ လွတ်မြောက်သွားခဲ့သည်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup