စစ်ကိုင်းတိုင်းထိ ခြေဆန့်ထားသည့် AA စစ်ရေးအရွှေ့
DMG ၊ ဖေဖော်ဝါရီ ၁၃
အာရက္ခတပ်တော် (AA) သည် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်အနှံ့ ဒေသတိုင်းတွင် တပ်အင်အား ဖြန့်ကျက်ထားပြီး မဟာမိတ်တပ်များနှင့် မြေပြင်စစ်ဆင်ရေး ဆင်နွှဲနေသည်။
ပြီခဲ့သည့် ရက်ပိုင်းကလည် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီ၏ တပ်စခန်း ၄ ခုကို NUG လက်အောက်ခံ ဒေသကာကွယ်ရေးတပ် PDF နှင့် ပူးပေါင်းပြီး သိမ်းပိုက်လိုက်သည်။
ထိုသို့ စစ်ကိုင်းတိုင်းတွင် NUG၊ AA နှင့် နွေဦး ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းပြီး တိုက်ပွဲဝင်နေခြင်းသည် မြန်မာ့တော်လှန်ရေးအရွေ့ကို မြန်ဆန်စေသည်ဟု စစ်ရေး၊ နိုင်ငံရေး အကဲခတ်များက ပြောဆိုကြသည်။
“ ကန့်ဘလူ ခရိုင်အတွင်းမှာ ဒီအောင်ပွဲအရွေ့က စိတ်ဓာတ် တက်ကြွတက်စေတာ တွေ့ရတယ်။ ERO အဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုက်မယ်ဆိုရင် ရက်ပေါင်း ၆၀ အတွင်း ဒီလောက်ရရင် ဒီဟာက ခရိုင်တစ်ခုပဲ ရှိသေးတယ်။ ကျန်တဲ့ မြန်မာပြည်မှာ ရှိနေတဲ့ ခရိုင်တွေမှာလည်း ဒီလိုမျိုး တိုက်ပွဲ ဖော်နိုင်မယ်ဆိုရင် တော်လှန်ရေးအရွေ့ဟာ ကြာမှာ မဟုတ်ဘူး။ ဒါက ရှိနေတဲ့ ကာကွယ်ရေးတပ်တွေရဲ့ စုပေါင်းအားနဲ့ ERO တွေရဲ့ အကူအညီ လမ်းညွှန်မှုတွေနဲ့ တိုက်ခိုက်သွားနိုင်တာ ဖြစ်တယ်။ ERO တွေရဲ့ ဦးဆောင်မှုက အရေးပါနေဆဲ ဖြစ်တယ် ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
ကန့်ဘလူခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ကိုးတောင်ဘို့စခန်း၊ ရွှေဘို-မြစ်ကြီးနားလမ်းရှိ ပေကြီးရွာစခန်း၊ ငှက်ပျောတိုင်စခန်းနှင့် ကျွန်းလှမြို့နယ်ရှိ အင်တိုင်း ရွာစခန်းနှင့် ကောလင်းမြို့မှ ထွက်လာသည့် လှုပ်ရှားစစ်ကြောင်းကို NUG အမှတ်(၁) စစ်ဒေသ လက်အောက်ခံတပ်များ၊ ပကဖနှင့် အာရက္ခတပ်တော်တို့ ဒီဇင်ဘာလနှင့် ဇန်နဝါရီလ အတွင်းမှာ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု NUG အမှတ်(၁) စစ်ဒေသက ဖေဖော်ဝါရီလ ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။
ပူးပေါင်းတပ်များ သိမ်းဆည်းရမိသည့် စစ်လက်နက်များတွင် ရှော့တိုက်ဒုံးထက် အဆင့်မြင့်သည့် ၁၂၂ မမ ကျည်များအပါဝင် အဆင့်မြင့် စစ်လက်နက်အချို့ ပါဝင်သည်ကို တွေ့ရကြောင်း ဗိုလ်ကြီးဇင်ယော်က ဆက်ပြောသည်။
ကိုးတောင်ဘို့ရွာတွင် ခလရ-၃၀၅ က ဗိုလ်ကြီး နောင်သူရ ဦးစီးပြီး ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ရှိ စခန်းအား ဇန်နဝါရီလ ၃၁ ရက်၊ ပေကြီးရွာနှင့် ငှက်ပျောတိုင်းရွာရှိ ဒု-ဗိုလ်မှူးကြီး အောင်မျိုးဦး ဦးစီးသည့် စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား (၁၀၅) ဦးရှိသည့် စခန်း ၂ ခုကို ဒီဇင်ဘာ ၂၁ ရက်၊ အင်တိုင်းရွာရှိ တပ်ကြပ်ကြီး အောင်အောင်သည့် ခမရ-၃၆၁ နှင့် ပျူစောထီး ပူးပေါင်းအင်အား (၁၀၈) ဦးရှိသည့် ရွှေပေါ်ကုန်းစခန်းနှင့် Power House စခန်းအား ဒီဇင်ဘာ (၂၁)ရက်နေ့တို့တွင် ပူးပေါင်းတပ်များက အသီးသီးသိမ်း ပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။
ယင်းအပြင် ကောလင်းမြို့က စစ်ကောင်စီ ထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းကိုလည်း ဖေဖော်ဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် တိုက်ခိုက်နိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကန့်ဘလူးခရိုင်အတွင်း စစ်ကောင်စီနှင့် ပူးပေါင်းတပ်များအကြား ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အထိလည်း တိုက်ပွဲများ ရှိနေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
အာရက္ခတပ်တော်အနေဖြင့် စစ်ကိုင်းတိုင်းအထိ စစ်ရေးချဲ့ထွင်ပြီး ဖော်ဆောင်လာခြင်းက သူတို့၏ မဟာမိတ်ဆံဆက်ရေးမှာ နောက်ထပ် အမှတ် တက်လာခြင်းဖြစ်သည်ဟု ရခိုင်နိုင်ငံရေးသမား တစ်ဦးဖြစ်သည့် ဦးမျိုးကျော်က ပြောသည်။
“ တော်လှန်ရေးမှာ အဓိက ဘုံရန်သူဟာ စစ်အုပ်စု စစ်အာဏာရှင်ဖြစ်တယ်။ စစ်အာဏာရှင်ကို သူတို့(AA ) ထိန်းချုပ်နယ်မြေသာမကဘဲ စစ်ကိုင်းတိုင်း မြောက်ပိုင်းအထိ မောင်းထုတ်နိုင်တယ်ဆိုတာကတော့ AA ရဲ့ မဟာမိတ် ဆက်ဆံရေး အင်အားဟာ အောင်မြင်မှုမှာ နောက်ထပ်အမှတ်တစ်ခု တက်လာလို့ ပြောလို့ရမယ်။ စစ်ကိုင်းဆိုတာကလည်း အခုဖြစ်လာမယ့် နိုင်ငံရေး အခင်းအကျင်းအရ အနောက်ဖက် စုဖွဲ့မှုအရ စစ်ရေးမှာ အရေးကြီးတဲ့ သဘောသဘာဝမှာ ရှိတယ် ” ဟုပြောသည်။
လက်ရှိ စစ်ကိုင်းဖက်တွင် NUG လက်အောက်ခံတပ်များနှင့် AA အကြား ပူးပေါင်းတိုက်ခိုက်နေပြီး စစ်ကောင်စီ အာဏာ အပြုတ်တိုက်ရေးအတွက်လည်း မဟာမိတ်တပ်ပေါင်းစုအဖြစ် ဖယ်ဒရယ်တပ်ဖွဲ့စည်းရန် လိုအပ်ကြောင်း ဦးမျိုးကျော်က ထောက်ပြသည်။
အာရက္ခတပ်တော်သည် စစ်ကိုင်းတိုင်းတွင် ၂၀၂၅ ခုနှစ်တွင် မဟာမိတ်များနှင့် ပူးပေါင်းပြီး လှုပ်ရှားနေပြီး ၂၀၂၃ ခုနှစ်ကလည်း ထီးချိုင့်မြို့နယ်အတွင် စစ်ရေးဖော်ဆောင်မှု အချို့ရှိခဲ့သည်။
ယင်းအပြင် အာရက္ခတပ်တော်သည် ရခိုင်ပြည်အပြင် မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းနှင့် ကချင်ပြည်နယ်တို့တွင် စစ်ရေးဖော်ဆောင်နေသည်။
#DMG #စစ်ကိုင်းတိုင်း #AA #အာရက္ခတပ်တော် #စစ်ရေးအရွှေ့ #မြန်မာ့နိုင်ငံရေး #ပြည်တွင်းစစ်ရေး #မြန်မာသတင်း #BreakingNewsMyanmar #MyanmarNews #SagaingRegion #ArakanArmy #CivilWarMyanmar #MyanmarConflict #DailyNews