ဝိုင်းမော် ခလရ(၅၈)အနီး တိုက်ပွဲပြင်းထန်

ဝိုင်းမော် ခလရ(၅၈)အနီး တိုက်ပွဲပြင်းထန်
​ဖေ​ဖော်ဝါရီ-၁၂၊၂၀၂၆။‌ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့နဲ့ မြစ်သာခြားတဲ့ဝိုင်းမော်မြို့ရဲ့ မြို့စောင့်တပ်ဖြစ်တဲ့ ခလရ(၅၈)
အနီးမှာ ဒီနေ့မနက် တိုက်ပွဲပြင်းထန်နေပြီး ပေါက်
ကွဲသံတွေကို မြစ်ကြီးနားမြို့ကနေပါ ကြားနေရတယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။
“မနက် ၆နာရီက စချတာ။ တော်တော် ပြင်းထန်နေတာ။ ကာကင်းစခန်းတွေကို သိမ်းပြီးပြီဆိုတော့ ၅၈ကို စချပြီလို့ ကြားတာပဲ။ အခုကြားနေရတာက လက်နက်ကြီးသံတွေ” လို့ ‌ဝိုင်း မော်မြို့ခံသတင်းရင်းမြစ်ကပြောပါတယ်
အမှတ်(၅၈) ​ခြေလျင်တပ်ရင်း(ခလရ-၅၈)ရဲ့ကာကင်းစခန်းတွေဖြစ်တဲ့ ဝိုင်းမော်-လိုက်ဇာလမ်းက စခန်းတွေနဲ့ ဝိုင်းမော် -ကန်ပိုက်တီလမ်းက စခန်းတွေကို KIA၊KPDF က ဇန်နဝါရီလနှောင်းပိုင်းနဲ့ ဖေဖော်ဝါရီလဆန်းမှာ သိမ်းယူထားပါတယ်။
ခလရ(၅၈)ဟာ ကန်ပိုက်တီနယ်စပ်ကို သွားတဲ့လမ်းမှာရှိပြီး ဝိုင်းမော်မြို့ပေါ်နဲ့ ၄မိုင်ခန့်သာ ဝေးပါတယ်။
ဝိုင်းမော်မြို့မှာ ခလရ(၅၈) နဲ့ခမရ(၃၂၁)ရှိပြီးခမရ (၃၂၁)ကို KIAနဲ့ KPDF က ၂၀၂၄ ခုနှစ် မေလထဲမှာ သိမ်းယူခဲ့တာပါ။ ဒါကြောင့် ခလရ
(၅၈)တစ်ခုပဲ ကျန်တော့တာဖြစ်ပါတယ်။
KIA နဲ့ နီးစပ်သူတစ်ဦးက စစ်ရေးအခြေအနေကို အသေးစိတ်မပြောပေမယ့် ခလရ(၅၈)ထဲမှာ စစ်ကောင်စီတပ်တွေ သွေးပျက်နေပြီလို့ဆိုပါတယ်။
ခလရ(၅၈)ရဲ့ ကာကင်းစခန်းတွေကို သိမ်းယူတဲ့ တိုက်ပွဲမှာလည်း ဖမ်းမိတဲ့စစ်သုံ့ပန်းတစ်ဦး ငိုယိုနေတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ သူ့ကို ထားပြီး တခြားသူတွေက ထွက်ပြေးတာလို့ ဆိုပါတယ်။ငိုနေတဲ့ အဲ့ဒီသုံ့ပန်းကို KIAနဲ့ KPDFတပ်ဖွဲ့ဝင်တွေက သတ်မှာမဟုတ်ပဲ ​​မေးတာကိုသာအမှန်အတိုင်း​ဖြေဖို့​ပြောပြီး ပြန်ချော့နေရတာကို​တွေ့ရပါတယ်။
ဝိုင်းမော်မြို့ဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်
(မပခ)ရှိတဲ့ မြစ်ကြီးနားမြို့နဲ့လည်း ၇မိုင်ခန့်သာ ဝေးပါတယ်။မပခအပြင် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားအနီး မိုင်းနားကျေးရွာမှာ စစ်ကောင်စီက လက်နက်ကြီးတပ်ဆင်ထားပြီး ခလရ(၅၈)ဘက်ကို ပစ်ခတ်နေပါတယ်။
KIAဦး‌ဆောင်တဲ့ မဟာမိတ်တပ်တွေဟာ ကချင်
ပြည်နယ်အတွင်း ဖားကန့်၊ ဝိုင်းမော်၊ တနိုင်း၊ အင်းတော်ကြီးဒေသတွေမှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေသလို ဗန်းမော်မြို့သိမ်းတိုက်ပွဲလည်း အရှိန်မြှင့်ထားပါတယ်။
(KIA တပ်ဖွဲ့ဝင်​တွေစစ်​ရေး​လေ့ကျင့်​နေစဥ်။
ဓါတ်ပုံ-File )