စက်သုံးဆီရောင်းဝယ်ဖြန့်ဖြူးရာတွင် မသမာမှု၊ ဒေါ်လာဝယ်ရောင်းကိစ္စများဖြင့် စက်သုံးဆီအသင်း ဥက္ကဋ္ဌ ခင်စိုးနှင့်အတွင်း ရေးမှူး ဒေါက်တာဝင်းမြင့်တို့ကို စစ်တပ်က ဖမ်းဆီးပြီး ရာထူးမှ ဖယ်ရှား

စက်သုံးဆီရောင်းဝယ်ဖြန့်ဖြူးရာတွင် မသမာမှု၊ ဒေါ်လာဝယ်ရောင်းကိစ္စများဖြင့် စက်သုံးဆီအသင်း ဥက္ကဋ္ဌ ခင်စိုးနှင့်အတွင်း ရေးမှူး ဒေါက်တာဝင်းမြင့်တို့ကို စစ်တပ်က ဖမ်းဆီးပြီး ရာထူးမှ ဖယ်ရှား
🟥 စက်သုံးဆီဥက္ကဋ္ဌသစ်နှင့်အတွင်းရေးမှူးအသစ် အရေးပေါ် ချက်ချင်း ရွေးချယ်ခန့်အပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
စက်သုံးဆီရောင်းဝယ်ဖြန့်ဖြူးရာတွင် မသမာမှု၊ ဒေါ်လာဝယ်ရောင်းကိစ္စများဖြင့် စက်သုံးဆီအသင်းဥက္ကဋ္ဌ ခင်စိုးနှင့်အတွင်း ရေးမှူး ဒေါက်တာဝင်းမြင့်တို့ကို စစ်တပ်က ဖမ်းဆီးပြီး ရာထူးမှ ဖယ်ရှားလိုက်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလနှောင်းပိုင်းတွင် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေး အသင်း ဥက္ကဋ္ဌလည်းဖြစ်၊ APEX Terminal ပိုင်ရှင်လည်းဖြစ်သူ ခင်စိုးနှင့် စက်သုံးဆီအသင်းအတွင်းရေးမှူးလည်းဖြစ်၊ မြတ်မေတ္တာမွန်စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်လည်းဖြစ် ဒေါက်တာဝင်းမြင့်တို့ကို စစ်တပ်က နေပြည်တော်သို့ ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ယင်းနောက် သီတင်း ၂ ပတ်ခန့်အကြာတွင် ဖမ်းဆီးလိုက်ပြီး မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေး အသင်း ဥက္ကဋ္ဌ သစ်နှင့် အတွင်းရေးမှူးအသစ်တို့ကို ချက်ချင်း ရွေးချယ်စေခဲ့ကြောင်း သိရှိရသည်။
“ဦးခင်စိုးနဲ့ ဒေါက်တာဝင်းမြင့်က ရှေ့မှာ ပြုတ်သွားတဲ့ စွမ်းအင်ဒုဝန်ကြီး ဦးသန့်စင်နဲ့ ညွှန်ကြားရေးမှူးချုပ် ဦးရွှေမော်တို့ရဲ့ အကျင့်ပျက်ခြစားမှုတွေ နောက်ဆက်တွဲ ခေါ်စစ်ရင်းနဲ့ အဖမ်းခံလိုက်ရပြီလို့သိရတယ်။သူတို့လည်း အမှုတွဲ အဖြစ် ဖမ်းလိုက်တာ” ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။
စစ်တပ်က စက်သုံးဆီအသင်းဥက္ကဋ္ဌ အသစ်နှင့် အတွင်းရေးမှူးအသစ်တို့ကို ချက်ချင်းရွေးချယ်ရန် အကြောင်း ကြားလာသောကြောင့် ယမန်နေ့တွင် စက်သုံးဆီအသင်းဥက္ကဋ္ဌ အသစ်ဖြစ် New Day စက်သုံးဆီလုပ်ငန်းမှ ဦးမျိုးမြင့်ဆွေ ကိုလည်းကောင်း ၊ အတွင်းရေးမှူးအဖြစ် Max ကုမ္ပဏီမှ ‌ဒေါ်နုနုဝေ ကိုလည်းကောင်း အရေးပေါ် ချက် ချင်း တင်မြှောက်လိုက်ကြောင်း သိရှိရသည်။
လက်ရှိ စစ်တပ်၏ ဖမ်းဆီးမှု ခံထားရသော စက်သုံးဆီအသင်းဥက္ကဋ္ဌဟောင်း ခင်စိုးမှာ အဏ္ဏဝါလွှမ်း ကုမ္ပဏီနှင့် ထားဝယ်အများပိုင်ကုမ္ပဏီ(DDPC) ဥက္ကဋ္ဌလည်းဖြစ်သည်။ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင် ထားဝယ်ခင်စိုးသည် ၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံတော်ပိုင် စက်သုံးဆီ အရောင်းဆိုင်အများအပြားကို လုပ်ကိုင်ခွင့်ရခဲ့သူ ဖြစ်ပြီး Apex စက်သုံးဆီကုမ္ပဏီကိုလည်း ထူထောင်ထားသည်။
ခင်စိုးသည် ထားဝယ်မြို့၊ မောင်းမကန် ကမ်းခြေတို့တွင် စက်သုံးဆီဆိုင်၊ စျေးဝယ်စင်တာ၊ ဟိုတယ်တို့ကိုလည်း စီမံလုပ်ကိုင်နေသူ ဖြစ်ပြီး လက်ရှိ စစ်တပ်ခန့် တနင်္သာရီတိုင်း ဝန်ကြီးချုပ် မြတ်ကိုနှင့်လည်း သူငယ်ချင်းများဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်၏ ဖမ်းဆီးမှု ခံထားရသော စက်သုံးဆီအသင်း အတွင်းရေးမှူးဟောင်း ဒေါက်တာဝင်းမြင့်မှာမူ မြတ်မေတ္တာမွန်စက်သုံးဆီကုမ္ပဏီကို အဓိက လုပ်ကိုင်နေသူဖြစ်ပြီး ယခင် ကြံ့ဖွတ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမတ်ဟောင်းတစ်ဦးလည်းဖြစ်သည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း စက်သုံးဆီများ တင်သွင်းရောင်းချရာတွင် မသမာမှုများ လုပ်သည်ဟုဆိုကာ လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီး သန့်စင်နှင့် ညွှန်ကြားရေးမှူးချုပ် ရွှေမော် တို့ကို စစ်တပ်က ရာထူးမှ ထုတ်ပယ် ဖမ်းဆီးအရေးယူခဲ့ကြောင်း၊ ဒုဝန်ကြီး သန့်စင်နှင့်ညွှန်ချုပ် ရွှေမော်တို့ကို ဖမ်းဆီးအရေးယူရာတွင် စက်သုံး ဆီတင်သွင်းခွင့်နှင့် ဆီခွဲတမ်းများ ချထားပေးရာတွင် ငွေကျပ် ဘီလီယံ ၅၄၀ ကျော် ဆုံးရှုံးမှု ၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် စစ်ထောက် လှမ်းရေးက ဖမ်းဆီးအရေးယူခဲကြောင်း သိရှိရသည်။
ယင်းနောက် စစ်တပ်က စက်သုံးဆီတင်သွင်းမှုနှင့်ဆက်စပ်နေသော မသမာမှုများ လုပ်သည်ဟုဆိုကာ ငွေကျပ် ဘီလီယံ ၅၄၀ ကျော်ကို ဆီကုမ္ပဏီများက ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ နောက်ဆုံးထား ပြန်ပေးရန် ရာဇသံပေးခဲ့သည်။
ငွေကျပ် ဘီလီယံ ၅၄၀ ကျော် ပြန်လည် ပေးသွင်းခဲ့ရသည့် ဆီကုမ္ပဏီကြီးများတွင် ခရိုနီဝင်းဆွေ ပိုင်ဆိုင်သော BOC ကုမ္ပဏီက စစ်တပ်ထံသို့ ငွေကျပ် ဘီလီယံ ၁၈၀ ၀န်းကျင်၊ ခရိုနီ ဇော်ဇော် ပိုင်ဆိုင်သော Max ကုမ္ပဏီက ကျပ် ဘီလီယံ ၄၀ ၊ ဒေါက်တာဝင်းမြင့် ပိုင်ဆိုင်သော မြတ်မေတ္တာမွန်ကုမ္ပဏီက ဘီလီယံ ကျပ် ၄၀ ၊ ခရိုနီ ချစ်ခိုင် ပိုင်ဆိုင်သော Denko ကုမ္ပဏီက ငွေကျပ် ဘီလီယံ ၇၀ ၊ ခရိုနီ အောင်ကိုဝင်းနှင့် ဆက်နွယ်နေသော Brighter ကုမ္ပဏီက ငွေကျပ် ၁၂ ဘီလီယံ၊ Regency ကုမ္ပဏီက ကျပ် ၂၀ ဘီလီယံ၊ Apex ကုမ္ပဏီက ငွေကျပ် ၁၅ လီလီယံ၊ Myanoil ကုမ္ပဏီက ငွေကျပ် ၁၅ ဘီလီယံ အသီးသီး ပြန်လည် ပေးသွင်းခဲ့ရကြောင်း သိရှိရသည်။
စက်သုံးဆီတင်သွင်းမှုနှင့် ခွဲတမ်းချထားမှုတွင် မသမာမှု လုပ်သည်ဟုဆိုကာ ဖမ်းဆီးခံရသော စွမ်းအင်ဒုဝန်ကြီး သန့်စင်မှာ ဝန်ကြီးချုပ် ညိုစော၏ သူငယ်ချင်းအရင်းဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ် ၂၃ ကျောင်းဆင်းစစ်အရာရှိတစ်ဦးလည်းဖြစ်သည်။
ဓာတ်ပုံ- လက်ရှိ ဖမ်းဆီးခံထားရသော စက်သုံးဆီ ဥက္ကဋ္ဌဟောင်း ခင်စိုးနှင့် အတွင်းရေးမှူးဟောင်း ဝင်းမြင့်။