ကြံ့ဖွတ်ပါတီအတွင်း သမ္မတအဖြစ် မည်သူကို တင်မြှောက်ပြီး အစိုးရအဖွဲ့တွင် မည်သူများပါဝင်မည်ဆိုသည်ကို သိခွင့်မရဘဲ အချိန်တန်လျှင် အသိပေးမည်ဟုသာ ခင်ရီ တုံ့ပြန်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
ကြံ့ဖွတ်ပါတီအတွင်း သမ္မတအဖြစ် မည်သူကို တင်မြှောက်ပြီး အစိုးရအဖွဲ့တွင် မည်သူများပါဝင်မည်ဆိုသည်ကို ကြံ့ဖွတ်ပါတီမှ အမတ်များကိုယ်တိုင် သိခွင့်မရဘဲဖြစ်နေပြီး အချိန်တန်လျှင် အသိပေးမည်ဟုသာ ပါတီဥက္ကဋ္ဌ ခင်ရီက ပြောဆိုနေကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီက ရန်ကုန်၊ မန္တလေး အပါအဝင် ပြည်နယ်/တိုင်းတချို့တို့သို့ လှည့်လည်၍ အနိုင်ရ ကြံ့ဖွတ်ပါတီ အမတ်များနှင့် တွေ့ဆုံနေကြောင်း၊ ထိုသို့ တွေ့ဆုံပွဲများတွင် အနာဂတ် သမ္မတ မည်သူဖြစ်လာမည်ဆိုသော မေးခွန်းများကို မေးမြန်းမှုများရှိသော်လည်း တိတိကျကျ ဖြေဆိုခြင်းမပြုဘဲ အချိန်တန်လျှင် အသိပေးမည်ဟုသာ တုံ့ပြန်ကြောင်း သိရှိရသည်။
“တွေ့ဆုံပွဲတွေမှာ အလွတ်သဘောမေးကြတာတွေရှိပါတယ်။ ဘယ်သူက သမ္မတ ဖြစ်လာမှာလဲ၊ အစိုးရအဖွဲ့မှာ ဘယ်သူတွေပါမလဲပေါ့။ အဲဒါတွေလည်း သူ တိတိကျကျ ဖြေတာမရှိဘူး။ အချိန်တန်ရင်တော့ သိခွင့်ရှိမယ်။ အခုတော့ ပြည်သူလူထုနဲ့ မဲပေးခဲ့လို့ လာပြီး ကျေးဇူးတင်တွေ့ဆုံတာဖြစ်တယ်။ ပါတီအနေနဲ့ရော အမတ်တွေအနေနဲ့ရော မရပ်မနား အလုပ်လုပ်မယ်ဆိုတာမျိုးနဲ့ မေးခွန်းတွေကို ရှောင်ပါတယ်” ဟု ကြံ့ခိုင်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ယင်းအပြင် ကြံ့ဖွတ်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များအတွင်းတွင်လည်း သမ္မတ ရွေးချယ်ရေးနှင့် အစိုးရ အဖွဲ့ ဖွဲ့စည်းရေးအတွက် ဆွေးနွေးခွင့်မရဘဲ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံမှ အမိန့်နှင့် ညွှန် ကြားချက်များ စောင့်ဆိုင်းနေရသည့် အပေါ် မကျေနပ်မှုများ ရှိနေကြောင်း သိရှိရသည်။
“အနိုင်ရပါတီအနေနဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ က သမ္မတဖွဲ့စည်းရေး၊ အစိုးရအဖွဲ့ ဖွဲ့စည်းရေးတွေကို ဆွေးနွေးရမယ့် အချိန်ဖြစ်ပေမယ့်လည်း တပ်ချုပ်ရဲ့ အမိန့် စောင့်ဆိုင်းနေရတဲ့အပေါ်မှာ ပါတီထိပ်ပိုင်း CEC ဘက်မှာလည်း မကျေနပ်မှုတွေရှိတယ်။ အနိုင်ရ ပါတီရဲ့ CEC နဲ့ ဗဟိုကော်မတီတွေကတောင်မှ ကိုယ့်ပါတီက ဘယ်လိုပုံစံနဲ့ နိုင်ငံကို တာဝန်ယူရမလဲဆိုတာကို သိခွင့်မရတဲ့ အနေအထားမျိုးဖြစ်တဲ့အတွက် ဒီအပေါ်မှာ အားလုံးက ခံစားချက်တွေရှိကြတယ်။ ဒါက မဖြစ်သင့်ဘူးဆိုတာမျိုး ဗဟိုကော်မတီဝင်တွေအထဲမထိ ပြောဆိုမှုတွေ ရှိလာပါတယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
ကြံ့ဖွတ်ပါတီက သမ္မတ ရွေးချယ်ရေးနှင့်ပတ်သက်ပြီး ပါတီတွင်း အမြင်သဘောထားများ ကွဲလွဲမှုရှိနေပြီး အနိုင်ရ နိုင်ငံရေးပါတီတစ်ခု၏ ဥက္ကဋ္ဌသည် အစိုးရအဖွဲ့ ခေါင်းဆောင် သမ္မတ (သို့မဟုတ်) ဝန်ကြီးချုပ် အဖြစ် တာဝန်ယူရမည်သာ ဖြစ်ကြောင်း၊ သို့သော်လည်း လက်ရှိအချိန်အထိ မည်သူက သမ္မတဖြစ်လာမည်ကို မသိရှိရဘဲ ကြံ့ဖွတ်ပါတီအမတ်များအကြားတွင်ပင် ထင်ကြေးသာ ပေးနေကြရကြောင်း သိရှိရသည်။
“တကယ်တော့ ပါတီက တင်မှ သမ္မတ ဖြစ်မှာ။ ဒီမိုကရေစီစနစ်နဲ့ ရွေးကောက်ပွဲစနစ်မှာတော့ အနိုင်ရပါတီရဲ့ ဥက္ကဋ္ဌက အစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်မှာပဲ။ ဥပမာဆိုရင် ဥက္ကဋ္ဌကြီး ဦးခင်ရီပေါ့ ။ သူက ထုံးစံအရ သမ္မတ ဖြစ်ရမှာပေါ့။ အခုကတော့ တပ်ချုပ်က သမ္မတ လုပ်လို့လည်း ပြောကြတယ်။ ဦးညိုစောက သမ္မတဖြစ်မယ်လို့လည်း ပြောကြတယ်။ လွှတ်တော်ခေါ်ပြီးမှ နောက်နေ့ သမ္မတ ရွေးမယ်ဆိုမှ ညဘက်မှာမှ ဘယ်သူ့ကို သမ္မတ အဖြစ် ရွေးရမယ်၊ မဲပေးရမယ်ဆိုတာကို ပါတီဘက်က အမတ်တွေကို အသိပေးမယ်လို့လည်းပြောတယ်။ ပါတီက တင်ရမယ့်၊ ရွေးရမယ့် သမ္မတကို ပါတီဘက်က သိခွင့်မရှိ ဖြစ်နေတာ” ဟု ကြံ့ခိုငရေးပါတီ သတင်းရင်းမြစ်က ဆက်လက် ရှင်းပြသည်။
စစ်တပ်က ပြုလုပ်ခဲ့သော အတုအယောင် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်အမတ် ၂၃၁ နေရာနှင့် အမျိုးသားလွှတ်တော် ၁၀၈ နေရာ စုစုပေါင်း အမတ်နေရာ ၃၃၉ နေရာ အနိုင်ရရှိထားပြီး လွတ်ကျွတ်စွာပင် အစိုးရအဖွဲ့ ဖွဲ့ခွင့် ရရှိထားသည်။