စစ်တပ်လော်ဘီလို့ အများစွပ်စွဲကြတဲ့ ဇော်ဘုန်းဟိန်းကို ၆၆( ဃ)နဲ့ ထောင် ၂ နှစ်ထပ်မံ ချမှတ်
ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၆
GG(VOM)
စစ်တပ်လော်ဘီလို့ အများစွပ်စွဲကြတဲ့ အမျိုးသားရေးလှုပ်ရှားသူ ဇော်ဘုန်းဟိန်းကို ဖေဖော်ဝါရီ ၉ ရက်နေ့မှာ တောင်ဒဂုံတရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
လူတန်းစားဘဝတိုးတက်မြင့်မားရေးပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်မိုးမိုးခိုင်က တောင်ဒဂုံရဲစခန်းမှာ အမှုဖွင့် တရားစွဲဆိုထားတဲ့ ပုဒ်မ ၆၆ ( ဃ) အတွက် ထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
“ဟုတ်ပါတယ် ။ ဒီနေ့ တောင်ဒဂုံတရားရုံးက အမိန့်ချလိုက်တာပါ ။နောက်ထပ် ရင်ဆိုင်ရမယ့် အမှုမကျန်တော့ဘူး သိရတယ်။ အခုအမိန့်ချလိုက်တာက မိုးမိုးခိုင် စွဲထားတဲ့ အမှုပါ ။အရင်ကလည်း ကိုဇော်ဘုန်းဟိန်းက ထောင်ဒဏ်ချခံထားရတာ ရှိသေးတယ် ။ ” လို့ ကိုဇော်ဘုန်းဟိန်းနဲ့ နီးစပ်သူ တယောက်က ပြောပါတယ် ။
ပြီးခဲတဲ့ ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ၈ ရက်နေ့ကလည်း ဇော်ဘုန်းဟိန်းကို ပြင်ဦးလွင်မြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်မှု ရှိခဲ့ပါတယ်။
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃(ခ)(၁၅)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ( က) အပါအဝင် ပုဒ်မတချို့အတွက် အလုပ်နဲ့ထောင် ၁၁ နှစ်ချမှတ် ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ကိုဇော်ဘုန်းဟိန်းကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဇွန်လ ၂ ရက်နေ့မှာ ပြင်ဦးလွင်က သူရဲ့ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။