၂၀၂၆ ဟာအပြောင်းအလဲတွေအများကြီးဖြစ်လာမယ့်နှစ်လို့မျှော်လင့်ထားပြီး တောက်လျှောက်ကြိုးစားနေတယ်လို့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်ပြော
ဖေဖော်ဝါရီ-၉၊၂၀၂၆။ထားမြတ်/People’s Spring
၂၀၂၆ ခုနှစ်ဟာအပြောင်းအလဲတွေအများကြီး ဖြစ်လာမယ့် နှစ်ဖြစ်တယ်လို့ မျှော်လင့်ထားပြီး တောက်လျှောက်ကြိုးစားနေကြောင်း KIO/KIA ခေါင်းဆောင်တဦးဖြစ်တဲ့ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ(၁)ဒုတိယ ဗိုလ်ချုပ်ကြီး
ဂွန်မော်ကပြောပါတယ် ။
ဖေဖော်ဝါရီ ၅ရက်မှာကျရောက်တဲ့ ကချင်တော်
လှန်ရေးနေ့ အခမ်းအနားကို အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ ကျင်းပရာ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က အွန်လိုင်းမှမိန့်ခွန်းပြောကြားခဲ့ရာ KIO အဖွဲ့ရဲ့ စစ်ရေး၊ နိုင်ငံရေးဆိုင်ရာ ဆောင်ရွက်ချက်၊ မျှော်မှန်းချက်တွေကို ရှင်းလင်း ပြောပြခဲ့တာပါ။
ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) အနေနဲ့ စစ်တပ်အာဏာ
သိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် ကတည်းက
ဒီမိုကေရစီအင်အားစုတွေနဲ့ ပူးပေါင်းပြီး အာဏာ
သိမ်းစစ်တပ်ကိုတော်လှန်တိုက်ခိုက်ဖို့ အဖွဲ့ ဗဟိုကော်မတီကဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်က အသိပေးပါတယ် ။လက်ရှိမှာလည်းနွေဦးတော်လှန်ရေးက ပေါ်ပေါက်လာတဲ့ အင်အားစုတွေနဲ့ ခိုင်မာစွာပူးပေါင်း တိုက်ပွဲဝင်နေကြောင်း ကိုလည်းရှင်းလင်းပြောကြားပါတယ်။
KIOဟာဖိနှိပ်ခြင်းကနေအားလုံးလွတ်မြောက်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ဖွဲ့စည်းတည်ထောင်တာဖြစ်ကြောင်း ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောပြပြီး ပင်လုံကတိကဝတ်မလိုက်နာလို့ပေါ်ပေါက်လာတာဖြစ်ကြောင်း၊ KIO ရဲ့ နိုင်ငံရေးဦးတည်ချက်က ကိုလိုနီစနစ်ပုံစံနဲ့ အုပ်ချုပ်တဲ့ အစိုးရတွေကို အပြီး
အပိုင် တော်လှန်ဖို့ ဖြစ်ကြောင်း ရှင်းပြ အသိပေးပါတယ်။
တန်းတူယှဉ်တွဲနေထိုင်ပြီးပြည်သူလူထုမှာအချုပ်
အခြာအာဏာရှိတဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်
ထောင်စု ထူထောင်ရမယ်ဆိုတာဟာ ပန်းတိုင်ဖြစ်ပြီး အဲဒီပန်းတိုင်ကိုရောက်ဖို့ ပြည်သူလူထုအင်
အားနဲ့ချီတက်ရမယ်၊နိုင်ငံရေးနဲ့စစ်ရေးကိုဟန်ချက်
ညီပေါင်းစပ်ရမယ် ဒါမှ အောင်ပွဲအမှန်ရမယ် လို့ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။နိုင်ငံရေးနဲ့စစ်ရေးကို ဟန်ချက်ညီမပေါင်းစပ်နိုင်ဘူးဆိုလို့ရှိရင် အောင်ပွဲအမှန်ကို မရဘဲနဲ့ ငြိမ်းချမ်းရေးတော့ ရနိုင်ကြောင်း ပြောပါတယ်။
“ငြိမ်းချမ်းရေးလို့ပြောရင်တောင်မှ တိုက်ပွဲတွေမရှိတဲ့ငြိမ်းချမ်းရေးမျိုးပဲဖြစ်ပါတယ်။နောင်တချိန်ပြန်ဖြစ်ပေါ်လာမယ့်တိုက်ပွဲအတွက်ပြင်ဆင်နေတဲ့ ကာ
လကို ကျနော်တို့က ငြိမ်းချမ်းရေးလို့ နားလည်ခေါ်ဆိုပြီးတော့မြန်မာနိုင်ငံမှာဒီလောက်နှစ်ပေါင်းအ
များကြီးကျော်ဖြတ်ခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့် နိုင်ငံရေးနဲ့စစ်ရေးကိုဟန်ချက်ညီညီပေါင်းစပ်ရမှာဖြစ်တယ်”လို့ဒုဗိုလ်ချုပ်ကြီးဂွန်မော်ကပြောပါတယ်။
စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီ ပေါင်းစပ်ရမယ်လို့ပြောတဲ့စာကြောင်းကိုအကောင်အထည်ဖော်
ရတာ အင်မတန်ခက်ကြောင်းလည်း ပြောပြပြီး ပန်းတိုင်ကိုရောက်တဲ့အထိ မလျှော့သော ဇွဲနဲ့ ချီတက်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။
KIOအနေနဲ့လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေချိန်မှာပဲ နိုင်ငံရေးနည်းအရ ဖြေရှင်းနိုင်ဖို့ ဟန်ချက်ညီလုပ်နိုင်ဖို့ ကြိုးစားခဲ့ရာ စကားပြောဆိုတာတွေများစွာလုပ်ဆောင်ခဲ့ကြောင်း၊ ဒါပေမဲ့ ဆွေးနွေးမှုတွေဟာ ခေတ္တ ခဏသေနတ်သံတွေ ရပ်ထားပြီး မိမိလိုချင်ရာဆွဲနိုင်ဖို့ ကြိုးစားတဲ့ အနေအထားအောက်မှာ မအောင်မြင်ခဲ့ကြောင်း ရှင်းပြပါတယ်။
●စစ်တပ်အာဏာသိမ်းတဲ့နေ့မှာပဲKIOက ဒီမိုကရေစီ အင်အားစုတွေနဲ့ပေါင်းတိုက်ပွဲဆင်နွှဲဖို့ဆုံးဖြတ်ခဲ့
စစ်တပ်အာဏာသိမ်းတဲ့၂၀၂၁ ခုနှစ်၊ဖေဖော်ဝါ
ရီ ၁ရက်နေ့ မနက် ၉ နာရီမှာ KIO ဟာဗဟိုအစည်းအဝေးလုပ်ပြီး ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုက်
ပွဲ ဆင်နွှဲဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း အသိ
ပေးပါတယ်။
“ဖေဖော်ဝါရီ ၂ရက်နေ့မှာ တရုတ်နိုင်ငံရဲ့အထူးကိုယ်စားလှယ်နဲ့ကျနော်တို့တွေ့ပါတယ်။ ကျနော်တို့ကပွင့်ပွင့်လင်းလင်းပဲပြောတယ်။ကျနော်တို့ဟာတိုက်ပွဲတွေဖြစ်လာနိုင်တယ်။အဲဒီတော့ ဖြစ်ပေါ်
လာမယ့် ဒီမိုကရေစီအင်အားစုတွေနဲ့ ကျနော်တို့တိုက်ပွဲတွေဆင်နွှဲရမှာဖြစ်တယ်။တရုတ်အစိုးရက ကျနော်တို့ကိုတိုက်ပွဲတွေမဖော်ဆောင်ဖို့ပြောတယ်။ကျနော်တို့က ဒါရှောင်လွှဲလို့ရမှာ မဟုတ်ဘူး။ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုက်ပွဲတွေ ဖော်ဆောင်ရမှာဖြစ်တယ်။ အထူးသဖြင့်ကျနော်တို့ရဲ့အိမ်ခြံဝင်းတံခါးပေါက်ဖြစ်တဲ့စစ်ကိုင်းတိုင်းက ကျနော်တို့ရန်သူကိုစောင့်ရမယ်။စစ်ကိုင်းတိုင်းမှာရှိတဲ့ အင်အားစုနဲ့ ကျနော်တို့ကချင်များဟာကျနော်တို့တံခါးပေါက် လုံခြုံရေး သေချာပေါက်လုပ်ရမယ်လို့ကျနော်တို့ကဖေဖော်ဝါရီ ၂ရက်နေ့မှာပြောတယ်။ သူတို့ မယုံဘူး” လို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။
ဗဟိုကော်မတီမှာ သေချာဆက်လက်ဆွေးနွေးပြီးမှ အင်အားစုတွေရောက်လာရာ အားလုံးညှိနှိုင်းပြီးမှ ကောလင်း၊ ကသာ၊ ကန့်ဘလူဆိုတဲ့ ကသုံးလုံးဆိုတဲ့ နယ်မြေမှာ ဒီမိုကရေစီ အင်အားစုတွေက ခိုင်မာသောနယ်မြေ ရရှိရမယ်ဆိုတဲ့ ရည်မှန်း
ချက်ကိုချမှတ်ခဲ့တာလို့ပြောပြပါတယ်။
KIO ပါဝင်တဲ့ ကြားကာလ ကချင်နိုင်ငံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(KPICT) အနေနဲ့ ၂၀၂၁ မတ်လ ၂၇ရက်မှာ ပြည်ထောင်စုလွှတ်
တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ ကြားကာ
လ သဘောတူညီချက်ဆိုတဲ့ စာချုပ်လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း ရှင်းပြပါတယ်။
အဲဒီသဘောတူညီချက်မှာကြားကာလကချင်ဒေ
သအစိုးရ ဖွဲ့စည်းရေးဆိုင်ရာကို ဆွေးနွေးညှိနှိုင်းမယ်၊ကချင်ဒေသ ကာကွယ်ရေးနဲ့ လုံခြုံရေးကို KIOမှ တာဝန်ယူပြီး လိုအပ်တာ CRPHနဲ့ ညှိနှိုင်းဆောင်ရွက်မယ်၊ သဘောတူညီချက်မှာ မပါတဲ့ အခြား အရေးကြီးကိစ္စတွေကိုလည်း ဆွေးနွေးဆောင်ရွက်မယ်ဆိုတာ တွေပါဝင်ကြောင်း သိရပါတယ်။သဘောတူညီချက်ဟာ ကြားကာလ ပြီးဆုံးချိန်အထိ အကျုံးဝင်ကြောင်းပြောပြကာ KPICT
က စေလွှတ်တဲ့ ကိုယ်စားလှယ်များဟာ NUGမှာ ပါဝင် လျက်ရှိတယ်လို့ အသိပေးပါတယ်။
ကြားကာလဆိုတာစစ်တပ်အာဏာသိမ်းတဲ့ နေ့က စပြီး ပြည်ထောင်စုမှာ ခိုင်မာသော အစိုးရ တရပ်ပေါ်ပေါက်လာမယ့် အချိန်ထိဖြစ်တယ်လို့ ပြောပါတယ်။ ကြားကာလဟာအနည်းဆုံး ၄နှစ်ခွဲကနေ ၆ နှစ်ကြာမယ်လို့ KIO ကအစကတည်းကပြောခဲ့တယ်လို့လည်းသိရပါတယ်။
“ကြားကာလဆိုတာ တိုက်ပွဲ ဖော်ဆောင်တဲ့ ကာ
လ။ အားလုံး ပြီးစီးသွားတာမဟုတ်ဘူး။ ဒါကြောင့် အာဏာသိမ်းသော နေ့ကစပြီး ပြည်ထောင်စုတွင် ခိုင်မာသော အစိုးရတစ်ရပ်ပေါ်ပေါက်လာတဲ့အချိန်အထိ။ ခိုင်မာသော အစိုးရ မပေါ်ပေါက်မချင်း ဒါကကြားကာလဖြစ်ပါတယ်။ ဒါပေမယ့် ကြားကာ
လ မှာ စစ်ပူကာလတွေ ရှိနိုင်တယ်။ဆွေးနွေးသော ကာလတွေရှိနိုင်တယ်။ အသွင်ကူးပြောင်းရေးကြိုးစားတဲ့ကာလတွေရှိနိုင်တယ်။ တဖြည်းဖြည်းသွားရမှာဖြစ်ပါတယ်။ စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်
ချက်ညီ လုပ်မှ သာ အောင်မြင်တဲ့ သေချာတဲ့ ပန်း
တိုင်ကို ရောက်ရှိမှာဖြစ်ပါတယ်”လို့ KIC ဒုဥက္ကဌကရှင်းပြပါတယ်။
“စစ်ရေးအရ KIOဟာကချင်ဒေသတခုလုံးရဲ့ ကာ
ကွယ်ရေးနဲ့ လုံခြုံရေးကို တာဝန်ယူပြီးအခြားအင်
အားစုတွေနဲ့ တိုက်ပွဲတွေ ဖော်ဆောင်တယ်။ ဗန်းမော်တိုက်ပွဲမှာ လူမျိုးပေါင်းစုံပါပါတယ်။ ပြည်
ထောင်စုတပ်မတော်လို့ ပြောနေတဲ့ စကားလုံးက စာရွက်ပေါ်မှာ ရှိသော်လည်း ကျနော်တို့ ဒေသတွေမှာ တော့ နေရာအသီးသီးမှာ အတူတကွတိုက်ပွဲဝင်နေတဲ့ အတူတကွ အောင်ပွဲ ခံနေတဲ့ အတူတကွ အာဇာနည်အဖြစ်ကို ရောက်ရှိတဲ့ အနေအထားတွေဖြစ်ပါတယ်။” လို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။
●ဗန်းမော်မြို့သိမ်းတိုက်ပွဲ အရေးကြီး
ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာလူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ ဝင်ရောက် တိုက်ခိုက်နေပြီး အရင်းအနှီးကြီးမှာကို သိပေမယ့် လိုအပ်လို့တိုက်တဲ့စစ်ပွဲဖြစ်တယ်လို့လည်း ရှင်းပြပါတယ်။
“မြစ်ကြီးနားနဲ့ ၀ိုင်းမော်ကို တိုက်ပွဲတွေ ဖော်ဆောင်ဖို့ အဆင့်သင့် လုပ်ထားတဲ့အချိန်မှာပဲ ကျနော်တို့ မေခမြစ်စိုးမိုးရေးစီမံကိန်းကို အကောင်အထည်
ဖော်ဆောင်ဖို့ မေခမြစ်ဘက်ကို ကျနော်တို့က တိုက်ပွဲတွေဖော်ဆောင်တယ်။ ဗန်းမော်ကို တက်တယ်။ ၁ နှစ်ကျော်သွားပြီ ဗန်းမော်ကိုတိုက်နေတာ။ ဒီလိုကြာမယ်။ အရင်းအနှီးများမယ်ဆိုတာ ကျနော်တို့ သိသော်လည်း လိုအပ်လို့ တိုက်နေတဲ့ တိုက်ပွဲဖြစ်တယ်။ အခုပြောသလို ဒီအထဲမှာ တိုင်းရင်းသားပေါင်းစုံပါတယ်။ PDF ပါတယ်။ ဂေါ်ရခါးပါတယ်။ ရှမ်းနီပါတယ်။ချင်းတွေ နာဂ မျိုးစုံပါတယ်။ မြန်မာနိုင်ငံမှာ ရှိသမျှ အကုန်ပါတယ်။ ယော၊ ဆော အကုန်ပါတယ်။ အဲဒီတော့ တစ်ခါတစ်လေ မှာ ဗန်းမော်တိုက်ပွဲ အကြောင်းမေးတယ်။ ၁ နှစ်ကျော်ပြီ ။ ဟုတ်ပါတယ်။ ကျနော်တို့မှာရှိတဲ့ အရင်းအမြစ်နဲ့ တိုက်နေရတာဖြစ်တယ်။ ကျနော်က တစ်ခါတစ်လေ ရယ်စရာအဖြစ် ပြောတယ်။ KIA/PDF တိုက်တာ ၁ နှစ်ကျော်တာလည်း ခင်ဗျားတို့မပြောနဲ့ ဗြိတိသျှ အစိုးရက ဗန်းမော်ကို သိမ်းတာ ၅ နှစ်ကျော်မှ ဗန်းမော်သိမ်းနိုင်တယ်။ ကျနော်တို့ လိုအပ်လို့ တိုက်တဲ့ တိုက်ပွဲမှာ အရင်းအနှီးတွေ အများကြီးပေးရပါတယ်” လို့ဆိုပါတယ်။
●မကြာသေးမီက စစ်တပ်ကို နိုင်မယ်ထင်လားဟု တရုတ်အရာရှိရဲ့မေးမြန်းမှုကို တရုတ်နဲ့ထိုင်ဝမ်နမူနာပေးပြန်ဖြေ
ဒါ့အပြင် ၂၀၂၆ နှစ်ဆန်းမှာ တရုတ်နိုင်ငံ အဆင့်မြင့်အရာရှိနဲ့ KIO အကြားတွေ့ဆုံဆွေးနွေးခဲ့မှု အကြောင်းကိုလည်း ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပြပါတယ်။
“လွန်ခဲ့တဲ့လက တရုတ်နိုင်ငံက အဆင့်မြင့်အရာရှိကြီးတယောက်ကကျနော်တို့ကို အစည်းအဝေးမှာ မေးတယ်။ခင်ဗျားတို့ ရှိနေတဲ့ အရင်းအမြစ်နဲ့ အခု စစ်ကောင်စီကို နိုင်မယ်လို့ ခင်ဗျားတို့ ထင်သလားလို့မေးတယ်။အဲဒီတော့ကျနော်ကသူ့ကိုပြောတယ်။အရင်တုန်းက တရုတ်နိုင်ငံရဲ့ သမိုင်းကို ပြန်ကြည့်လိုက်လို့ရှိရင် အမေရိကန်နဲ့ ရုရှားကူညီတဲ့ ဘက်က နောက်ဆုံး ထိုင်ဝမ်ကို ထွက်ပြေးပြီး ခင်
ဗျားတို့ ဘယ်သူမှ မကူညီတဲ့လူတွေက နိုင်ခဲ့တာပဲ မဟုတ်ဘူးလားလို့ ကျနော်ကသူတို့ကိုပြန်မေးတော့ သူတို့က ဘာမှ မပြောတော့ဘူး သူတို့ရဲ့ ဖြစ်
ရပ်မှန်တွေဆိုတော့” လို့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောပါတယ်။
ရရှိသင့်တဲ့ အခွင့်အရေးတွေကို အဆုံးအဖြတ်ပေးတဲ့အခါမှာ အိမ်နီးချင်းနိုင်ငံများ၊အခြားသောနိုင်ငံများရဲ့ထောက်ခံမှုဟာအင်မတန်အရေးကြီးကြောင်းလည်း ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ မိန့်ခွန်းမှာ ပါရှိပါတယ်။
“ဒါမရှိလို့ရှိရင် ကျနော်တို့ဟာ ဒိုင်လူကြီးမရှိတဲ့ လက်ဝှေ့ပွဲမှာထိုးသတ်နေရသလိုဖြစ်နိုင်ပါတယ်။ တကယ်လို့ မြန်မာနိုင်ငံရဲ့အရေးဟာ စည်းကမ်းရှိတဲ့ ဒိုင်လူကြီးများနဲ့ စည်းမျဉ်းနဲ့သာဆိုလို့ရှိရင် ဒိုင်ပွဲရပ်အနေနဲ့ ပြီးသွားမှာ ကြာလှပြီ။ ဒါပေမဲ့ အခုက နွေဦးတော်လှန်ရေး တောင်မှ ၅နှစ်ကို ရောက်နေပါပြီ” လို့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောပါတယ်။
●တော်လှန်ရေး အဖွဲ့ ငါးဖွဲ့ တော်လှန်ရေးအောင်မြင်ဖို့ဆွေးနွေး
အခုဖေဖော်ဝါရီလဆန်းမှာအမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ကရင်၊ကချင်၊ကရင်နီ၊ချင်း တိုင်း
ရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တို့တွေ့
ဆုံပြီး တော်လှန်ရေး အောင်မြင်အောင် ဆင်နွှဲနိုင်ရေးကိစ္စကိုဆွေးနွေးခဲ့ကြောင်းလည်းဒုတိယ
ဗိုလ်ချုပ်ကြီးဂွန်မော်က ပြောပါတယ်။
ပြန်လည်ပေါင်းစည်းရေး၊ပြန်လည်စုဖွဲ့ရေးအတွက်
ဖေဖော်ဝါရီလဆန်းပိုင်းမှာ NUGရယ်၊ KNUရယ်၊ KNPPရယ် ၊ CNF ရယ်၊ KIOရယ် ငါးဖွဲ့ အွန်လိုင်းမှဆွေးနွေးခဲ့ကြောင်းလည်းအသိပေးပါတယ်။လတ်တလောမီဒီယာတွေမှာဖော်ပြနေတဲ့အား
ကောင်းခိုင်မာတဲ့ဦးဆောင်အဖွဲ့အစည်းကိစ္စ၊ဖက်ဒရယ်ဦးဆောင်ကောင်စီကိစ္စတွေအပေါ် အခုလိုပြောပြတာပါ။
“လက်ရှိတော်လှန်ရေးကို အောင်မြင်အောင် ကျနော်တို့ ဘယ်လိုဆင်နွှဲမလဲဆိုတဲ့ဟာ ကျနော်တို့ ဦးစားပေးပြီးဆွေးနွေးနေတာဖြစ်ပါတယ်” လို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။
မီဒီယာမှာဖော်ပြထားတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီဟာ မျှော်မှန်းချက်ပြောတဲ့ ဝေါဟာရဖြစ်ပြီးတော့အတည်ပြုထားတာမဟုတ်ကြောင်း၊ဆက်
လက်ဆွေးနွေးနေတဲ့အဆင့်ဖြစ်ကြောင်း အသိပေးပါတယ်။
“တော်လှန်သောအင်အားစုများဟာမှန်ကန်တဲ့လမ်း
ကြောင်းပေါ်မှာခိုင်ခိုင်မာမာရပ်ဖို့လိုပါတယ်။စု
စည်းညီညွတ်ရမှာဖြစ်ပါတယ်။အပြန်အလှန် လေး
စား အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။” လို့လည်း ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောပါတယ်။
တော်လှန်အင်အားစုဆိုရာမှာ လက်နက်ကိုင်တော်
လှန်ရေးသာမက အားလုံးကို ပြောဆိုတာ ဖြစ်ပြီး မှန်ကန်သောလမ်းကြောင်းပေါ် ရပ်မှ အင်အားရှိမယ်လို့ ဆက်ပြောပါတယ်။
ဘယ်အချိန်မှာတော်လှန်ရေးပြီးမှာလဲ၊ဘယ်အချိန်မှာ အောင်မြင်မှာလဲ လို့ ခဏခဏ အမေးခံရပြီး အဲဒီမေးခွန်းဟာအားလုံးနဲ့သက်ဆိုင်ကြောင်း လည်း ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ကပြောပါတယ်။
“ကျနော်တို့အကုန်လုံးတော်လှန်သောဘက်မှာရှိသ
လား၊ကျနော်တို့ဟာတကယ်ပဲအောင်မြင်ချင်တဲ့ စိတ်ဓာတ်နဲ့ ကျနော်တို့ အရင်းအမြစ်တွေကို ပါဝင်နေသလားကျနော်တို့ကပြန်စိစစ်ဖို့လိုပါတယ်။”
လို့ KIO ခေါင်းဆောင်က ပြောပါတယ်။
ဒါ့အပြင် စစ်ရေး နဲ့ နိုင်ငံရေးကို ပေါင်းစပ်ညှိနှိုင်းပြီးလိမ္မာပါးနပ်စွာဦးဆောင်မှုပေးနိုင်ခြင်းဟာအင်
မတန်အရေးကြီးသလိုပြည်သူရဲ့ထောက်ခံမှု နား
လည်မှုနဲ့ လိုက်နာမှု ပြည့်စုံမှသာ အောင်မြင်မှာ ဖြစ်ကြောင်းပြောပြပါတယ်။
● စစ်တပ်က တစ်ဖွဲ့ချင်းစကားပြောတဲ့ပုံစံကို
KIO လက်မခံ
တော်လှန်ရေးအောင်မြင်ဖို့အတွက် အကုန်လုံးနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်းပြောပါတယ်။
စုစည်းညီညွတ်ခြင်းအားလိုပြီး တစ်စုချင်းတစ်ဖွဲ့ချင်းကနေ တစ်နိုင်ငံလုံးစုစည်းညီညွတ်တဲ့အားကိုလိုကြောင်းလည်းပြောပါတယ် ။
“ဒီကနေ့အထိ ကျွန်တော်တို့ သွားနေတဲ့မူကတော့ တော်လှန်ရေး အင်အားစုများနဲ့ လက်တွဲတယ်။ နေပြည်တော်အစိုးရကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောတယ်။ KIO တစ်ဖွဲ့တည်းနဲ့ စကားပြောလို့ မပြီးနိုင်ပါဘူး။ နေပြည်တော်ဟာ NUGနဲ့ စကားပြောချင်တဲ့ ဆန္ဒရှိသလားလို့ မေးထားပါတယ်။ တစ်ဖွဲ့ချင်းနဲ့ စကားပြောတဲ့ ပုံစံမျိုးကို KIOက လက်ခံမှာ မဟုတ်ဘူးဆိုတာ နိုင်ငံတကာနဲ့ အိမ်နီးချင်း နိုင်ငံများ အားလုံးကို ပြောပြထားပြီးသား ဖြစ်ပါတယ်။”လို့လည်းဆိုပါတယ် ။
●မြစ်ကြီးနားက စစ်တပ်ရေဒါကို KIA တိုက်ခိုက် ၊နှစ်လတွင်း တင့်ကား ၇ စီးဖျက်ဆီး
KIOက သတင်းတွေကို သိပ်ပြီးမှ ထုတ်ပြန်လေ့မရှိကြောင်း ၊ စစ်တပ်လေယာဥ် နဲ့ တင်ကားတွေကိုတိုက်တဲ့သတင်းတွေကိုပင် ထုတ်ပြန်လေ့မရှိသော်လည်း ဆက်တိုက် တိုက်ခိုက်နေတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ကပြောပါတယ်။
“တစ်ခါတလေမှာ တစ်ချို့ သတင်းတွေ ထုတ်ပြန်လိုက်တဲ့အခါမှာ တစ်ဖက်(စစ်တပ်ဘက်) ကနေ ပြန်ပြီးကောင်တာ လုပ်တာတို့၊ စိတ်ဓာတ် စစ်
ဆင်ရေးတို့ လုပ်တတ်ပါတယ်။ ဥပမာ လေယာဉ်တိုက်ခိုက်တဲ့ သတင်းတွေပေါ့လေ။ သိပ်မထုတ် ပါဘူး။ တကယ်လည်း တောက်လျှောက်လုပ်နေပါတယ်။ မနေ့ကဆိုရင် မြစ်ကြီးနားလေတပ်စခန်းရဲ့ ရေဒါတစ်ခု ကျွန်တော်တို့ ဖျက်ဆီးပစ်ပါတယ်။ ဗန်းမော်မှာလည်း ကျွန်တော်တို့ တင့်ကားတစ်စီး ပျက်ပါတယ် မနေ့က။ ဒီ ၂ လထဲမှာပဲ တင့်ကား ၇ စီးလောက် ဖျက်ဆီးနိုင်ခဲ့ပါတယ်။ အထူးသဖြင့်တော့ မနေ့က လေတပ်စခန်းရဲ့ ရေဒါကို ဖျက်ဆီးခဲ့တာ ဖြစ်တယ်”လို့ သူကဆက်ပြောပါတယ်။
●ချင်းပြည်လွတ်မြောက်ရေး တနိုင်ငံလုံးအတွက်အရေးကြီး
ဒါ့အပြင် ချင်းပြည်အရေးကို အလေးထားပြီးတော့ ကြိုးစားနေကြောင်း၊ ချင်းပြည်ရဲ့အရင်းအမြစ်တွေက တစ်နိုင်ငံလုံးရဲ့အောင်မြင်မှုကိုပေးစွမ်းနိုင်မယ့်လို့လည်းယုံကြည်တယ်လို့ပြောပါတယ် ။
“ကျနော်တို့မှာ ကချင်ယူနစ်၊ နာဂယူနစ်၊ ချင်းယူနစ်နဲ့ NUG စစ်ကိုင်းတိုင်း အထက်ပိုင်း ကသုံးလုံးက စတေဘယ်(တည်ငြိမ်) ဖြစ်ဖို့ ကြိုးစားနေတာဖြစ်တယ်။ ဖြစ်လည်းဖြစ်နိုင်တယ်လို့ ယုံကြည်တယ်။ ဒီအထက်ပိုင်း မြောက်ပိုင်း တစ်ခုလုံး စတေဘယ်(တည်ငြိမ်) ဖြစ်သွားလို့ရှိရင် အောက်ပိုင်းကို အလွယ်တကူ ကျနော်တို့က ထိန်း သိမ်းနိုင်မှာဖြစ်ပါတယ်။ ဒါက စစ်ရေး ရည်မှန်းချက် ဖြစ်ပါတယ်။ ချင်းပြည်အရင်းအမြစ်က တစ်နိုင်လုံးရဲ့ အောင်မြင်မှုကို ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ချင်းပြည်နဲ့ ကျနော်တို့ က ချင်းပြည်တစ်ခုလုံး လွတ်မြောက်ရေး အားကြိုး
မာန်တက် လုပ်ဆောင်နေတယ်”လို့ သူကဆက်ပြောပါတယ်။
ဒါကြောင့် ချင်းပြည်နယ်ရှိ ချင်းပြည်ကောင်စီ
(CC)၊ ချင်းညီနောင် (CB) အဖွဲ့အားလုံးနဲ့တွေ့ဆုံခဲ့သလို KIO/KIA မှတာဝန်ရှိသူတွေလည်း ချင်း
ပြည်နယ်ကိုသွားရောက်ခဲ့တယ်လို့ပြောပါတယ်။
KIA နဲ့မဟာမိတ်တပ်တွေဟာ ကချင်ပြည်နယ်ရှိဒေသအများစုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသလို ၊ဖားကန့် ၊တနိုင်ဒေသမှာလည်းစစ်တပ်စခန်းနဲ့စစ်ကြောင်းတွေကိုတိုက်ခိုက်နေပါတယ် ။တချိန်တည်းမှာ စစ်ကိုင်းနဲ့ ကချင်နယ်စပ်ဒေသတွေဖြစ်တဲ့ ကသာ ၊ထီးချိုင့် ၊ကောလင်း စတဲ့ဒေသတွေကတိုက်ပွဲတွေမှာ PDF တွေနဲ့ အတူ စစ်တပ်ကို တိုက်ခိုက်နေပါတယ် ။
(ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်)