ဘဏ်အကောင့်ပိတ်ခံရသူတွေ ဆက်တိုက် ဖမ်းဆီးခံနေရ ▪️ညှိမယ်ဆို အနည်းဆုံး ကျပ်သိန်း၁,၀၀၀ တောင်း

ဘဏ်အကောင့်ပိတ်ခံရသူတွေ ဆက်တိုက် ဖမ်းဆီးခံနေရ
▪️ညှိမယ်ဆို အနည်းဆုံး ကျပ်သိန်း၁,၀၀၀ တောင်း
ဖေဖော်ဝါရီ၉၊၂၀၂၆၊People’s Spring
ယခင်က KBZ Payအပိတ်ခံထားရသူတွေကို PSMS နည်းပညာနဲ့ ဆက်တိုက်ဖမ်းဆီးနေပြီး ဖမ်းဆီးခံရပြီးမှ ညှိုနှိုင်းမယ်ဆိုပါက အနည်းဆုံးကျပ်သိန်း၁‌‌၀၀၀ကစတင်တောင်းရမ်းနေတယ်လို့ ‌‌ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
မန္တလေးမြို့ကနေ ပြင်ဦးလွင်မြို့ကို အလုပ်ကိစ္စနဲ့သွားတဲ့ အမျိုးသမီးတစ်ဦး ယခုရက်ပိုင်းမှာ ထပ်မံဖမ်းဆီးခံရပြီး အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ၅၀(ည)နဲ့ အမှုဖွင့်ခံလိုက်ရတယ်လို့ သိရပါတယ်။
ဒီအမျိုးသမီးဟာ သာမန်စီးပွားရေးလုပ်ကိုင်နေသူဖြစ်ပြီး ၂၀၂၁က ကမ္ဘောဇဘဏ်အကောင့်အပိတ်ခံထားရတာ ဧည့်စာရင်းကို PSMSနည်းပညာနဲ့ စစ်တပ်က တိုက်စစ်ပြီး ပြင်ဦးလွင်မြို့ကဟိုတယ်တစ်ခုမှာ စစ်တပ်က ဖမ်းဆီးသွားတာလို့ သိရပါတယ်။
လက်ရှိ မြို့ တွေပေါ်မှာဖမ်းဆီးတဲ့ အမှု ၁၀၀မှာ ၈၀ဟာ KBZဘဏ်အကောင့်အပိတ်ခံရသူတွေဖြစ်ပြီး အားလုံးကို ပုဒ်မ ၅၀(ည)တပ်ထားတယ်လို့ တရားရုံးအသိုင်းဝိုင်းက သိရပါတယ်။
ဒီအမှုကို အမှုပွဲစားနဲ့ လိုက်မယ်ဆိုပါက ကြာချိန် တလကျော်ကြာနိုင်ပြီး ကျပ်သိန်း၁၀၀၀ ကနေစတင်ပေးရတယ်လို့ တရားရေး အသိုင်းဝိုင်းကသိရပါတယ်။
“ဒီအမှုဟောင်းတွေက စစ်ကြောရေးမဖြတ်ရဘူး။ရဲစခန်းကနေတဆင့် အိုးဘိုရောက်တာ။ပြီးရင်ရုံးထုတ်ပေါ့။အဲဒီမှာ အမှုပွဲစားတွေ က တဆင့်အမှု စစ်တွေကို ကပ်ပြီး ပြန်ထုတ်မယ်ဆိုရင် အဆင့်ဆင့်ပေးရတာ အနည်းဆုံး သိန်း၁၀၀၀ကစတယ်။၁၀၀၀နဲ့၁၅၀၀ကြားကုန်တယ်။အမှုစစ်ကပဲ အကုန်ပြတ်တဲ့အထိတာဝန်ယူသွားတာ။ဈေးကွက်ကြီးရှိတယ်”လို့ လက်ရှိတာဝန်ထမ်းဆောင် နေဆဲတရားရုံးဝန်ထမ်းတဦးက ပြောပါတယ်။
ပုဒ်မ၅၀(ည)အတွက် ပြစ်ဒဏ်ဟာ ခရိုင်ရုံးအထိ အမှုရောက်မယ်ဆိုရင် ထောင်ဒဏ်၇နှစ်အထိချပြီး မြိုနယ်ရုံးမှာဆို ၅နှစ်ချတယ်လို့သိရပါတယ်။
ဒါ့အပြင် မြိုနယ်ရုံးမှာပဲ အမှုပြတ်ဖို့တရားစွဲတင်ဖို့အတွက်လည်းရဲစခန်းကို လာဘ်ငွေပေးရတယ်လို့ သိရပါတယ်။
(စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအတွင်း မန္တလေးမြို့ခံတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုတွေ့ရပုံ။ ဓာတ်ပုံ − AFP)