PDFတပ်မှူးကြီးများ ၅ ရက်ကြာအစည်းအဝေးကျင်းပပြီး အဆုံးအဖြတ်ထိုးစစ်အတွက် တပ်တည်ဆောက်ရေးနှင့် စစ်ရေးပြင်ဆင်မှုများအား ဆွေးနွေး
ဖေဖော်ဝါရီ ၈၊ ၂၀၂၆
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ရဲ့ တပ်မှူးကြီးများအစည်းအဝေးကျင်းပပြီး တော်လှန်ရေးအောင်ပွဲ အမြန်ဆုံးရောက်စေမယ့် အဆုံးအဖြတ်ထိုးစစ်ကိုတက်လှမ်းနိုင်ဖို့အတွက် တပ်တည်ဆောက်ရေးနဲ့ စစ်ရေးပြင်ဆင်မှုတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၈ ရက်၊ ဒီကနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF ရဲ့ တပ်မှူးကြီးများအစည်းအဝေးကို အခု ဖေဖော်ဝါရီလအတွင်းမှာ ၅ ရက်ကြာပြုလုပ်ခဲ့တာလို့ သိရပါတယ်။
အစည်းအဝေးကို PDF စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်၊ စစ်ရုံးချုပ်တာဝန်ရှိသူတွေ၊ အမှတ် (၁)စစ်ဒေသမှူး၊ တိုင်းစစ်ဌာန ၁၀ ခုနဲ့ MOD တာဝန်ရှိသူတွေနဲ့ ပကဖရုံးချုပ် တာဝန်ရှိသူတွေ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
၅ ရက်ကြာပြုလုပ်ခဲ့တဲ့ အဲဒီတပ်မှူးကြီးများအစည်းအဝေးမှာ စစ်အခြေခံသဘောတရား ၈ ချက်၊ စစ်ရေးသုံးသပ်ချက်တွေနဲ့ ၂၀၂၆ ရည်မှန်းချက် ၃ ချက်တို့ကို အလေးပေးဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ရေးသုံးသပ်ချက်နဲ့ ရည်မှန်းချက်တွေအဖြစ် လွန်ခဲ့တဲ့တစ်နှစ်က ရရှိခဲ့တဲ့ စစ်ရေးအောင်ပွဲတွေနဲ့ အားနည်းချက်၊ အားသာချက်တွေပါဝင်တဲ့ ၂၀၂၅ စစ်ရေးသုံးသပ်ချက်နဲ့ အခု ၂၀၂၆ ခုနှစ်မှာဆောင်ရွက်ရမယ့် စစ်ရေးရည်မှန်းချက်တွေ၊အစီအစဥ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ဘက်ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စစ်ဘက်ခေါင်းဆောင်တွေ လက်တွေ့ လိုက်နာကျင့်သုံးရမယ့် အခြေခံမူ ၁၁ ချက်ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
နိဂုံးချုပ်မိန့်ခွန်းမှာ စစ်ဦးစီးချုပ်က တပ်မှူးကြီးတွေအနေနဲ့ တပ်တည်ဆောက်ရေးလုပ်ငန်းတွေကို အားစိုက်လုပ်ဆောင်ပြီး အဆုံးအဖြတ်ထိုးစစ်ကို တက်လှမ်း နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြဖို့ ထပ်မံမှာကြားခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – ပြည့်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ဖွဲ့ဝင်များ