ညီညွတ်ငြိမ်းချမ်းဖို့ တရားမျှတရမည်ဟု ပါချုပ်ဆရာတော် မိန့်ကြား

ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက၊ တွဲဖက်ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသက “နိုင်ငံတိုးတက်ကြီးပွားရေးအတွက် တရားမျှတမှုရှိရမည်၊ တရားမျှတမှုရှိမှသာ ညီညွတ်ငြိမ်းချမ်းမည်” ဟု ၂၁ ကြိမ်မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီးသို့ ပေးပို့ သော လျှောက်ထားလွှာမှတဆင့် မိန့်ကြားသည်။

၂၁ ကြိမ်မြောက် ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီးကို ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံမတည်ငြိမ်မှုများကြောင့် ၈ နှစ်အကြာမှ ဖေဖော်ဝါရီ ၁ ရက် မန္တလေး မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် ရွှေကျင်နိကာယဗဟိုဌာန၌ ပြန်လည်ကျင်းပခဲ့ပြီး ပါမောက္ခချုပ်ဆရာတော်၏ လျှောက်ထားလွှာကို ရွှေကျင်ဂိုဏ်း အကျိုး တော် ဆောင်ချုပ် ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနသာရက ဖတ်ကြားခဲ့သည်။

ပါမောက္ခချုပ်ဆရာတော်က တရားမျှတမှု၊ ညီညွတ်မှု၊ ငြိမ်းချမ်းမှုမရှိဘဲ မည်သည့်နိုင်ငံမှ တိုးတက်မည်မဟုတ်ဟုဆိုထားပြီး သက်ဆိုင်ရာပုဂ္ဂိုလ်အားလုံး ညီညွတ်ရေးအတွက် အမြန်ဆုံးဆွေးနွေးဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်း ကြောင်းကို အစည်းအဝေးဆုံးဖြတ်ချက်တွင် ထည့်သွင်းကာ သက်ဆိုင်ရာသို့ အကြောင်းကြားရန် ဆုံးဖြတ်သင့်သည်ဟု လည်း မိန့်ကြားထားသည်။

ထို့ပြင် သဘောထားကွဲလွဲမှုများအား တိုင်းပြည်အန္တရာယ်အဖြစ် ရှုမြင်ပြီး ညီညီညွတ်ညွတ် ပြေပြေပြစ်ပြစ် ပြောဆိုဆွေး နွေးကြရန်လည်း တိုက်တွန်းထားသည်။

ပါမောက္ခချုပ်ဆရာတော်သည် နိုင်ငံတိုးတက်ရေးအတွက် တရားမျှတမှုရှိရန် ဦးစားပေးပြောဆိုခဲ့သည်ကိုတွေ့ရပြီး တရားမျှ တမှုရှိမှသာ ညီညွတ်ငြိမ်းချမ်းမှုရှိမည်ကို အလေးအနက် မိန့်ကြားခဲ့ခြင်းဖြစ်ကြောင်း နွေဦးတော်လှန်ရေး သံဃာ့ကွန်ရက်နှင့် နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်အဖွဲ့ဝင် ဆရာတော် ဦးဝါယမက သုံးသပ်သည်။

ဦးဝါယမက “မတရားလုပ်တဲ့သူကို အရင် ဒါမလုပ်သင့်ဘူးလို့မပြောဘဲနဲ့ မတရားတာလုပ်လို့ တော်လှန်ခါကျမှ ညီညွတ်ပါ လို့ပြောတာဆိုရင် ဒါမကောင်းဘူး။ ဒါပေမယ့် ပါချုပ်ဆရာတော်ကြီးက ဒီလိုပြောတာမဟုတ်ဘဲ တရားမျှတမှုရှိရမယ်ဆိုတဲ့ စကားကို နိုင်ငံတနိုင်ငံ ကြီးပွားတိုးတက်ဖို့အတွက် အချက်လေးချက်ခွဲပြီး ပြောသွားတာပါ။ တရားမျှတမှုရှိရမယ်ဆိုရင် တိုင်းပြည်အာဏာယူထားတဲ့ စစ်အာဏာရှင်တသိုက်ဟာ မတရားလုပ်ထားတာကို စွန့်လွှတ်ရဲဖို့ လိုအပ်ပါတယ်။ မတရား တာဖြေလျှော့မှ တဖြည်းဖြည်း ညီညွတ်မှုရမှာ ဖြစ်တယ်” ဟု မိန့်သည်။

ပရိယတ္တိသာသနာနှင့် ပတ်သက်၍လည်း ပါချုပ်ဆရာတော်က “နေအသွင် လအလား” ထင်ရှားကျော်ကြားခဲ့သည့် ကျောင်း တိုက်ကြီးအချို့ ယနေ့ခေတ်တွင် “တိမ်ကွယ်လပမာ” ပျောက်ချက်သားကောင်းပြီး တိမ်မြုပ်နေသည်ကို သတိပေးခဲ့ပြီး ရွှေကျင်နိကာယဝင် ကျောင်းတိုက်ကြီးများအား ထိုကဲ့သို့ “တိမ်ကွယ် လ” အဖြစ်မှ လွတ်ကင်းစေကာ ပရိယတ္တိပညာရေး နယ်ပယ်၌ ယခင်ထက်ပို၍ ပြန်လည်တောက်ပလာစေရန် နည်းလမ်းရှာကြံ ကြိုးပမ်းအားထုတ်ကြရမည်ဟု မိန့်ကြားခဲ့သည်။

ထို့ပြင် ရွှေကျင်နိကာယဥပဒေသ၊ ရွှေကျင်ဂိုဏ်းကျင့်ထုံးကြီးများနှင့်အညီ အစစအရာရာဆောင်ရွက်မှသာ အန္တိမပုရိသ (ရွှေကျင်နိကာယ၏ နောက်ဆုံးပုဂ္ဂိုလ်)အဖြစ်မှ လွတ်ကင်းနိုင်မည်ဖြစ်ပြီး ကိုယ်ကျင့်သီလနှင့် ပရိယတ္တိပညာတိုးတက်မှုက သာ ချီးမွမ်းထိုက်သည့် ကြီးပွားတိုးတက်မှုဖြစ်ကြောင်း ပါမောက္ခချုပ်ဆရာတော်က သတိပေးခဲ့သည်။

ဆရာတော်ဦးဝါယမက “ဗုဒ္ဓပြောပြတဲ့ ကြောင်းကျိုးကိုက်တဲ့ဓမ္မတွေ၊ သစ္စာတရားတွေကို ဆရာစဉ်ဆက်၊ တပည့်စဉ်ဆက် သိမြင်နားလည်ကျင့်သုံးပြီးတော့ ပြန်လည်သင်ကြားမှုတွေ မရှိကြဘူးဆိုရင် သင်္ကန်းဝတ်နေသူ ရဟန်းဆိုတာတော့ရှိမယ်၊ ဒါပေမယ့် ဗုဒ္ဓရဲ့အဆုံးအမတွေကို စဉ်ဆက်မပြတ် ဆရာနဲ့တပည့် မပို့ချနိုင်တော့ဘူး၊ တနည်းပြောရင် လူ့ပတ်ဝန်းကျင်ကို ပြောဆိုသင်ပြတာတွေ မလုပ်နိုင်တော့ဘူးဆိုရင် နောက်ဆုံး ယောက်ျားဖြစ်သွားမယ်ဆိုပြီး ဗုဒ္ဓသာသနာအတွက် သတိပေးခဲ့ တာ ဖြစ်ပါတယ်” ဟု မိန့်သည်။

ယခု ကျင်းပသည့် ၂၁ ကြိမ်မြောက်အစည်းအဝေးတွင် ရွှေကျင်ဂိုဏ်း ဥပဥက္ကဋ္ဌ တွဲဖက်သာသနာပိုင် ဆရာတော် ၃ ပါးကို လည်း ရွေးချယ်ခန့်အပ်ခဲ့သည်။

ဥပဥက္ကဋ္ဌ တွဲဖက်သာသနာပိုင်သစ်အဖြစ် (က) ဘဒ္ဒန္တကောသလ္လ၊ ဝိဇ္ဇာလင်္ကာရဆရာတော် ဝိဇ္ဇာလင်္ကာရကျောင်းတိုက်၊ မဟာအောင်မြေမြို့ နယ်၊ (ခ) ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယောဆရာတော်) မဟာဝိသုဒ္ဓါရုံတိုက်သစ်ရွှေကျင်တိုက်၊ ဗဟန်းမြို့ နယ်၊ (ဂ) ဘဒ္ဒန္တဩဒါတသီရိဘိဝံသ (ရန်ကင်းဆရာတော်) အဝေရာရာမ ရန်ကင်းကျောင်းတိုက်၊ မဟာအောင်မြေမြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။

အသစ်ခန့်အပ်မှုအား လက်ရှိ ရွှေကျင်နိကာယ သောဠသမရွှေကျင်သာသနာပိုင် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရနှင့် ဥပဥက္ကဋ္ဌ တွဲဖက်သာသနာပိုင် ပါမောက္ခချုပ်ဆရာတော်တို့က လက်မှတ်ရေးထိုး ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ရွှေကျင်ဂိုဏ်ဖွဲ့စည်းပုံတွင် ဥက္ကဋ္ဌနှင့် ဥပဥက္ကဋ္ဌ ဆရာတော်ကြီး ၅ ပါး၊ အကျိုးတော်ဆောင် ၅ ပါး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် အပါး ၂၀၊ ဂိုဏ်းလုံးဝန်ဆောင်နာယကအဖွဲ့ဝင် အပါး ၂၀၀ ရှိပြီး ဥပဥက္ကဋ္ဌ တွဲဖက်သာသနာပိုင်ဆရာတော် သုံးပါးအား ခန့်အပ်ခဲ့ပြီးဖြစ်သည့်အတွက် ရွှေကျင်ဂိုဏ်း၏ ဥက္ကဋ္ဌနှင့် ဥပဥက္ကဋ္ဌ ဆရာတော်ကြီး ငါးပါးလုံး ပြည့်စုံပြီ ဖြစ်သည်။

မြန်မာနိုင်ငံရှိ သံဃာ့ဂိုဏ်းကြီး ၉ ဂိုဏ်းထဲ အစဉ်အလာကြီးမားသည့် ရွှေကျင်ဂိုဏ်းကို ဝက်လက်မြို့နယ်၊ ရွှေကျင်ရွာဇာတိ ဆရာတော်ကြီး ဘဒ္ဒန္တဇာဂရအား အကြောင်းပြုကာ ၁၂၂၁ ခုနှစ်၊ မင်းတုန်းမင်းလက်ထက်မှစ၍ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်ထိ ၁၆၆ နှစ်တိုင် ရှိပြီဖြစ်သည်။