ရန်ကုန်-ဒလ တံတားဖွင့်ပွဲသို့ မင်းအောင်လှိုင် လာရောက်၍ ရန်ကုန်မြစ်အတွင်း လှေနှင့်သမ္ဗာန်များအားလုံး သွားလာခွင့်ပိတ်ထားပြီး စစ်ကား၊ စစ်ရေယာဉ်များဖြင့် ကင်းလှ​ည့် လုံခြုံရေးတင်းကျပ်ထား

ရန်ကုန်-ဒလ တံတားဖွင့်ပွဲသို့ မင်းအောင်လှိုင် လာရောက်၍ ရန်ကုန်မြစ်အတွင်း လှေနှင့်သမ္ဗာန်များအားလုံး သွားလာခွင့်ပိတ်ထားပြီး စစ်ကား၊ စစ်ရေယာဉ်များဖြင့် ကင်းလှ​ည့် လုံခြုံရေးတင်းကျပ်ထား
ရန်ကုန်၊ ဖေဖော်ဝါရီ ၆
ရန်ကုန်မြို့နှင့် ဒလမြို့တို့သို့ ချိတ်ထားသည့် တံတား၏ နောက်ဆုံးအဆင့် ဖွင့်ပွဲသို့ မင်းအောင်လှိုင် လာရောက် ဖွင့်လှစ်သဖြင့် ယနေ့ ရန်ကုန်မြစ်အတွင်း လှေနှင့်သမ္ဗာန်များအားလုံး သွားလာခွင့်ပိတ်ထားပြီး စစ်ကား၊ စစ်ရေ ယာဉ်များဖြင့် ကင်းလှ​ည့် လုံခြုံရေးတင်းကျပ်ထားကြောင်း ရန်ကုန်အခြေစိုက် ကင်းထောက် သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နံနက်အစောပိုင်းမှစတင်ပြီး ရန်ကုန်မြစ်အတွင်း ဒလ-ရန်ကုန် ကူးသန်းနေသော လှေနှင့် သမ္ဗာန်များကို ဖြတ်သန်းသွားလာခွင့်မပေးတော့ဘဲ ပိတ်ပင်ထားကြောင်း၊ မြစ်အတွင်း ပုံမှန်ပြေးဆွဲနေသော ဒလ-ရန်ကုန် နှစ်ထပ်သင်္ဘောကိုသာလျှင် ဖြတ်သန်းခွင့်ပေးပြီး ဒလမြို့နှင့် ရန်ကုန်ဘက်အခြမ်း နှစ်ခုစလုံးတွင် စစ်ကားများ၊ Jammer ကားများ၊ စစ်တပ်လုံခြုံရေးများစွာ ချထားကြောင်း သိရှိရသည်။
“နှစ်ဖက်စလုံးကို တပ်ရောရဲရော လုံခြုံရေးတင်းတင်းကျပ်ကျပ်ချထားတာတွေ့ရတယ်။ စစ်ကားတွေရော အရပ်ဝတ်တွေရောပဲ။ တံတားကို မင်းအောင်လှိုင်လာမယ်ပြောတယ်။ မြစ်ထဲတော့ ရေတပ်သင်္ဘောတချို့လည်းတွေ့တယ်။ တံတား ဖွင့်ပွဲလုပ်မှာလား၊ လာစစ်တာလားတော့မသိဘူး” ဟု ရန်ကုန်ကင်း ထောက်တစ်ဦးက ရှင်းပြသည်။
တပ်သတင်းရင်းမြစ်တချို့ကမူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ယမန်နေ့ ရန်ကုန်တက္ကသိုလ်တွင် ဂုဏ် ထူးဆောင်ဘွဲ့ ရယူပြီးနောက် ယနေ့ ဒလတံတားစစ်ဆေးဖွင့်လှစ်မှု အပြင် တွေ့ဆုံပွဲတစ်ခုကိုလည်း တက်ရောက် စီစဉ်ထား သည်ဟု သိရှိရကြောင်း ပြောဆိုသည်။
ယနေ့ မင်းအောင်လှိုင် လာရောက် ရှိနေသော ရန်ကုန်-ဒလတံတားမှာ ပြီးစီးနေပြီဖြစ်သော်လည်း မင်းအောင်လှိုင်ကိုယ်တိုင် ဗေဒင်၊ အစီအမံ၊ ယတြာများနှင့် ဖွင့်လှစ်ရန် စီစဉ်နေသဖြင့် ကြန့်ကြာနေခြင်းဖြစ်ကြောင်း ဌာနဆိုင်ရာ သတင်းရင်းမြစ်များက ပြောဆိုသည်။
ဒီဇင်ဘာလအတွင်း ရန်ကုန်-ဒလတံတား အပြီးသတ် အချောသတ် ချိတ်ဆက်ခြင်း၊ စမ်းသပ်မောင်းနှင်ခြင်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ အခမ်းအနားဖြင့် ဖွင့်လှစ်ရန်သာ ကျန်ရှိတော့ပြီး ဗေဒင်၊ ယတြာ အစီအမံများဖြင့် တံတားဖွင့်လှစ်မည့်နေ့ရက်နှင့်အချိန်ကို ရွေးချယ်ခြင်း၊ ဖွင့်ပွဲတွင် ပါဝင်ရမည့် နေ့နံများကို ရွေးချယ်ခြင်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရှိရသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း ရန်ကုန်-ဒလတံတား နောက်ဆုံးအဆင့်အခြေအနေကို အကြမ်းဖက် မင်းအောင်လှိုင်က လာရောက်ကြည့်ရှုခဲ့သည်။
ရန်ကုန်-ဒလ တံတားမှာ သံမဏိကြိုးဆိုင်း လေးလမ်းသွား တံတားကြီးဖြစ်ပြီး တန်ချိန် ၁၅၀၀၀ခန့်ရှိ သင်္ဘောကြီးများ ရေလမ်းကင်း လွတ်စွာ သွားလာနိုင်ရန် အမြင့်ပေ ၁၆၀ ခန့် နှင့် ရေလမ်းကင်းလွတ် အကျယ် ၅၂၅ပေ ထားရှိ ဆောက် လုပ်ခဲ့သည်။ ယာဉ်တစ်စင်းချင်း ခံနိုင်ဝန်အားဖြင့် ၇၅ တန်ထိ ဖြစ်ပြီး ကိုရီးယား ထုတ်ကုန်သွင်းကုန်ဘဏ်နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီး ဌာန တို့မှ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ က ချေးငွေဆိုင်ရာ သဘောတူ စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။