စစ်တပ်က မြစ်ကြီးနား-ရွှေဘိုလမ်းက ရွှေကိုးပင်ဂိတ်ကို ရက်အကန့်သတ်မရှိပိတ်လို့ကားအစီးရေရာချီပိတ်မိ
ဖေဖော်ဝါရီ-၆၊၂၀၂၆။ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့အနီးက ရွှေကိုးပင်ဂိတ်ကိုစစ်တပ်ကပိတ်ထားပြီး ကျောက်တန်းရွာမှာလည်းတိုက်ပွဲဖြစ် နေလို့ ကားအစီးရေ ထောင်နဲ့ချီပြီး ပိတ်မိနေတယ်လို့ ကုန်ကား မောင်းသူ အချို့ နဲ့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ၈ ရက်ကတည်းက စစ်တပ်ကစိုးမိုးထားတဲ့ ရွှေကိုးပင်ဂိတ်ကို စစ်တပ်ကပိတ်လိုက်တာဖြစ်ပါတယ်။
“ရက်အကန့်သတ်မရှိ ပိတ်လိုက်ကြောင်းကို ဒီလထဲမှာပဲ ကြေညာထားတာ။ကွင်းလမ်း တွေလည်း လုံခြုံရေး အခြေအနေ မကောင်းဘူး”လို့ ကုန်ကား မောင်းသူတဦးက ပြောပါတယ်။
ဒါ့အပြင် အထက်ပိုင်း ကောလင်းမြို့နယ်ထဲက ရွှေဘို-မြစ်ကြီးနားကားလမ်း ဘေးကကျောက်
တန်းရွာမှာလည်း တိုက်ပွဲတွေဖြစ် နေတာမို့ လမ်းပိတ်ထားတယ်လို့သိရပါတယ်။
“ကျောက်တန်းရွာမှာကွင်းလမ်းကလည်းကားတွေနွံနစ် နေတယ်။လမ်းကြောမကောင်းဘူး။ရွှေဘို
-မြစ်ကြီးနား တခေါက်ကို တပတ်လောက်ကြာနိုင်တယ်”လို့ ကုန်ကားမောင်းသူတဦးကပြောပါတယ်။
လမ်းပိတ်ဆို့မှုတွေကြောင့် ကုန်ကားအစီး ရေ ရာနဲ့ချီပိတ်မိနေပြီး ပုတ်သိုးကုန်ကားလုံး ပျက်စီးကုန်လို့ကုန်သည်တွေ ဆုံးရှုံးမှု တွေများတယ်လို့ သိရပါတယ်။
ဒါအပြင် မြစ်ကြီးနား-ရွှေဘိုလမ်းကမြေနီသျှိုလမ်း
ဆုံ(ခင်ဦးလမ်းဆုံ)အနီးကို စစ်တပ်က ဒီဇင်ဘာ ၁၈ရက် ကဂျက်ဖိုက်တာ ၄ စီး၊ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ လေကြောင်းကတိုက်ခိုက်ခဲ့ပါသေးတယ်။
အဲဒီတိုက်ခိုက်မှုမှာဆီခြံပေါ်တည့်တည့်ကျပြီး သေ
ဆုံးပြည်သူ ၆ ဦးထက်မနည်းရှိကာ ဒဏ်ရာရရှိသူများ များပြားခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
“ပြည်သူတွေကော၊ ကားတွေကော ပစ်တာ။ ပစ်တာတောင် ရိုးရိုးမပစ်ဘူး။ ၁ဝ ရက်လောက် လမ်း
ပိတ်ပြီးမှ ပစ်တာ”လို့ကားသမားတစ်ဦးကပြောပါတယ်။
ဆီခြံ ပေါက်ကွဲမီးလောင်ခဲ့လို့ ရွှေဘို-မြစ်ကြီးနားလမ်းကြောပိတ်မိနေတဲ့ ကားသမားတွေနဲ့ ခရီးသွားပြည်သူတွေအပါအဝင် လမ်းဆုံအနီးရှိ ဈေးဆိုင်ရှင်များ၊ အရပ်သားများ ထိခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
(ရွှေကိုးပင်ဂိတ်ကို ရက်အကန့်သတ်မရှိပိတ်လို့ကားအစီးရေရာချီပိတ်မိနေစဥ်။ဓါတ်ပုံ-CJ)