ပြည်သူများကို နည်းအမျိုးမျိုးဖြင့် သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ပေး
ဖေဖော်ဝါရီ ၅၊ ၂၀၂၆




စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးက ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာနိုင်ငံရေးအပြောင်းအလဲမှာကြုံတွေ့ရတဲ့စိန်ခေါ်မှုအခက်အခဲတွေကို ဦးဆောင်ဦးရွက်ပြုနိုင်သလို စနစ်တကျစီမံခန့်ခွဲ့နိုင်တာကြောင့်လို့ဆိုကာ ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့အပ်နှင်းလိုက်တယ်လို့ သိရပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ရန်ကုန်မြို့၊ ရန်ကုန်တက္ကသိုလ်က ဘွဲ့နှင်းသဘင်းခန်းမမှာ အထူးဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပပြီး ဂုဏ်ထူးဆောင်ပြည်သူ့ရေး ရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration(D.P.A honoris)ဘွဲ့ကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဆီ ပေးအပ်လိုက်တာလို့ သိရပါတယ်။
အဲဒီ ပါရဂူဘွဲ့ကို အကြမ်းဖက်စစ်ကော်မရှင်ကပဲ ခန့်အပ်ထားတဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ဦးဆောင်ပေးအပ်ခဲ့တာလို့ သိရပါတယ်။
စစ်ကော်မရှင်ခန့် ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်က “နိုင်ငံတော်အကြီးအကဲအား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို အပ်နှင်းရခြင်းမှာ မိမိတို့နိုင်ငံ၏ နိုင်ငံရေးအပြောင်း အလဲဖြစ်စဉ်တွင် ကြုံတွေ့ခဲ့ရသည့်စိန်ခေါ်မှုအခက်အခဲများကို ဦးဆောင်ဦးရွက်ပြုပြီး စနစ်တကျစီမံခန့်ခွဲ ဖြေရှင်းနိုင်ခဲ့သော စွမ်းဆောင်ချက်များကြောင့်ဖြစ်သည်”ဟု ပြေကြားတယ်လို့ သိရပါတယ်။
ရန်ကုန်တက္ကသိုလ်ဟာ ၁၉၂၁ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ရဟန်းတော်တွေအပါအဝင် နိုင်ငံရပ်ခြားက ခေါင်းဆောင်တွေနဲ့ လူပုဂ္ဂိုလ်တွေ စုစုပေါင်း ၇၂ ဦးကို ဂုဏ်ထူးဆောင်ဘွဲ့အမျိုးမျိုးချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ရယူခဲ့အပြီးမှာတော့ သူ့အနေနဲ့ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးမှာ ပိုမိုတာဝန်ရှိလာတယ်လို့ ခံယူမိတယ်လို့ ခပ်တည်တည်ပြောကြားခဲ့ပါတယ်။