ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ သာသနာ့ ရွှေအောင်လံကျောင်းကို ဝင်စီးခြင်း အပါအဝင် လူငယ်တချို့ကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးနေ၊ ညောင်ဦးနှင့် ကလေးမြို့နယ်တို့တွင်လည်း လူငယ် ၄၀ နီးပါး ပေါ်တာဆွဲခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ သာသနာ့ ရွှေအောင်လံကျောင်းကို ဝင်စီးခြင်း အပါအဝင် လူငယ်တချို့ကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးနေ၊ ညောင်ဦးနှင့် ကလေးမြို့နယ်တို့တွင်လည်း လူငယ် ၄၀ နီးပါး ပေါ်တာဆွဲခံရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၅
ရန်ကုန်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ သာသနာ့ ရွှေအောင်လံကျောင်းကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ပျူစောထီးများက ဝင်ရောက်စီးနင်းခြင်းနှင့် ရပ်ကွက်အတွင်းမှ လူငယ်တချို့ကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးမှုဖြစ်ပွားနေကြောင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှ ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၇ ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အေးနှင့်ပျူစောထီးအဖွဲ့က သာသနာ့ရွှေအောင်လံဘုန်းကြီးကျောင်းတိုက်သို့ သွားရောက်ပြီး ဘုန်း ကြီးကျောင်းသားတချို့နှင့် ဘုန်းကြီးကျောင်းတွင် နေထိုင်သော လူငယ်တချို့ကို စစ်မှုထမ်းအဖြစ် ပေါ်တာ ဆွဲ ဖမ်းဆီးရန်​ ကြိုးစားကြောင်း၊ သက်ဆိုင်ရာ ဘုန်းကြီးကျောင်းက တံခါးဖွင့်မပေးသည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများက ပြဿနာရှာကာ ဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရှိရသည်။
“သာသနာ့ရွှေအောင်လံကျောင်းမှာ ဘုန်းကြီးကျောင်းသားတွေလည်းရှိတယ်။ အခြားနယ်တွေက လာနေကြတဲ့ လူငယ်လေးတွေလည်းရှိတယ်။ အဲဒါကို ရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အေးနဲ့အဖွဲ့က စစ်မှုထမ်းအဖြစ် ဝင်ဆွဲဖို့ လုပ်တာ။ အဲဒီတော့ ဘုန်းကြီးကလည်း တံခါးဖွင့်မပေးဘူး။ တံခါး မဖွင့်ရကောင်းလားဆိုပြီး ဘုန်းကြီးကို ပြဿနာရှာပြီး ဘုန်းကြီးကျောင်းကို စီးနင်းတယ်။ လူတွေ ပါမသွားဘူးလို့ သိရတယ်။ အဓိက ဒဂုံအရှေ့မှာ စစ်မှုထမ်း လူလိုတော့ နည်းလမ်းမျိုးစုံနဲ့ မြင့်အေးတို့ အဖွဲ့က သောင်းကျန်းပြီး လူရှာနေကြတာ။ ရပ်ကွက်ထဲက တချို့လည်း စစ်မှုထမ်းပါသွားတာ မနည်းဘူး” ဟု ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှ တော်လှန်ရေး ကင်းထောက်သတင်းရင်းမြစ်က ပြောဆိုသည်။
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်အေးနှင့်အဖွဲ့များက စစ်မှုထမ်းကြေး ကောက်ခံသည့်အပြင် ရပ်ကွက်အတွင်းမှ လူငယ်များကိုသာမက မြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသော လူငယ်များကိုလည်း အုပ်စုဖွဲ့ လိုက်လံဖမ်းဆီး၍ စစ်မှုထမ်းအဖြစ် စုဆောင်းမှုများ လုပ်ဆောင်နေကြကြောင်း သိရှိရသည်။
အလားတူ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၈ နာရီအချိန် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ လက်ပံခြေကျေးရွာ အုပ်စု၊ တောင်ဖက်တန်းကျေးရွာမှ မောင်သက်ဝေနှင့် မောင်ဇော်မင်းအောင်တို့ကို စစ်တပ်က ကျေးရွာအတွင်းဝင်ရောက်စီးနင်း၍ စစ်မှုထမးအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
ထို့အတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် လူငယ် ၃၀ ခန့်ကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားပြီး စစ်သင် တန်းပို့ဆောင်ရန် ပြင်ဆင်နေကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိဘများနှင့် ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်မှ စတင်ပြီး ကလေးမြို့တွင်းသို့ စစ်တပ်က ကား ဖြင့်လှည့်ပတ်ပြီး လူငယ်များကို ဖမ်းဆီးခဲ့ရာ တညအတွင်း လူငယ် ၃၀ ခန့် ဖမ်းဆီးခံလိုက်ရကြောင်း၊ ထိုသို့ ဖမ်းဆီးပြီးနောက် လက်ကိုင်ဖုန်းများကို သိမ်းလိုက်ပြီး ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဖမ်းဆီးခံလူငယ်များကို ကုတင် ၁၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးစစ်နေကြောင်း သိရသည်။
“ညက ကလေးမှာ ဖမ်းခံလိုက်ရတဲ့သူတွေများတယ်။ ကားနဲ့လှည့်ပတ်ဖမ်းသွားတာ။ အယောက် နှစ်ဆယ်၊ သုံးဆယ်လောက်ရှိမယ်။ ဖမ်းပြီးတော့ ဖုန်းတွေလည်း သိမ်းပစ်လိုက်တာ။ လိုက်ရွေးလို့ လည်းမရဘူး။ ကုတင် ၁၀၀ ဆေးရုံမှာ ဆေးစစ်နေတယ်။ လသားအရွယ် ကလေးဖခင်တွေလည်း ပါတယ်” ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်က ယခု ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စစ်မှုထမ်းအပတ်စဉ် ၂၂ ကို ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသော လူငယ်များကို စစ်တပ်က အကြမ်းဖက်ဖမ်းဆီးခဲ့စဉ်။