ရခိုင်နှင့်မကွေးအစပ်တွင် ၅ ဒသမ ၉ အဆင့်ရှိ အင်အားပြင်းသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး နေပြည်တော် အပါအဝင် မြို့ကြီးအများစုတွင် ခံစားသိရှိလိုက်ရ

ရခိုင်နှင့်မကွေးအစပ်တွင် ၅ ဒသမ ၉ အဆင့်ရှိ အင်အားပြင်းသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး နေပြည်တော် အပါအဝင် မြို့ကြီးအများစုတွင် ခံစားသိရှိလိုက်ရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၃
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ် ရေနံချောင်းမြို့နယ်၏ အနောက်ဘက် ၉၅ ကီလိုမီတာအကွာသို့ ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမေရိကန်အခြေစိုက် ငလျင်စောင့်ကြည့်ရေး USGS က သတင်းထုတ်ပြန်ထားသည်။
ယနေ့ ည ၁၀ နာရီ ၄ မိနစ်အချိန် ရေနံချောင်းမြို့နယ်၏ အနောက်ဘက် ၉၅ ကီလိုမီတာအကွာကို ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခြင်းဖြစ်ပြီး ရခိုင်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်တို့တွင် ငလျင်၏ လှုပ်ခတ်မှုကို သိသိသာသာ ခံစားရကြောင်း သိရှိရသည်။
“ငလျင်လှုပ်တာ အတော်ကို ကြမ်းပါတယ်။ အိမ်ခေါင်မိုးက သွပ်ပြားအချင်းချင်း ဆောင့်ချရိုက်တဲ့ အထိကို ကြမ်းတာ။ ခေါင်းပါမူးသွားတယ်” ဟု တောင်တွင်းကြီးမြို့နယ်မှ ပြည်သူတစ်ဦးက ဆိုသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့ အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးကလည်း ယနေ့ ည ၁၀ နာရီ ၅ မိနစ်အချိန် ငလျင်လှုပ်ခတ်မှုတွင် လှုပ်ခတ်သံကြီးပါ ကြားရကြောင်း ပြောဆိုသည်။
ရခိုင်ဒေသပြည်သူတချို့ကလည်း ငလျင်လှုပ်ခတ်မှုကို သိသာစွာ ခံစားရကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုလာကြသည်။
ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၂ မိနစ်အချိန် မန္တလေးမြို့ပေါ်ကို ဗဟိုပြု၍ ၄ ဒသမ ၂ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး အထပ်မြင့်တိုက်တာတချို့မှ ပြည်သူများ ပြေးဆင်းလာရကြောင်း၊ ငလျင်မှာ စက္ကန့်ပိုင်းသာ ကြာမြင့်သောလည်း လှုပ်ခတ်မှု အရှိန်ပြင်းထန်ကြောင်း သိရှိရသည်။