ကျားဖြန့်နှိမ်နင်းရေး ထိုင်း- အမေရိကန် ဆွေးနွေး
ဧရာဝတီ၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၆




ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီး Vijavat Isarabhakdi နှင့် အမေရိကန် အောက်လွှတ်တော် စစ်ဘက်ဆိုင်ရာကော်မတီဥက္ကဋ္ဌ မိုက်ကယ် ဒင်းနစ်ရော်ဂျာတို့ ဘန်ကောက်မြို့၌ တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးအပြင် မြန်မာ့အရေးနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဇန်နဝါရီ၂၈ ရက်က ထိုင်းနိုင်ငံသို့ရောက်နေသည့် ထိုအမေရိကန်အဖွဲ့သည် မြန်မာ့အခြေအနေ အထူးသဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် နှစ်နိုင်ငံလူထုအား ထိခိုက်နေသော အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးတို့ကို သဘောတူညီခဲ့ကြောင်း ဖော်ပြထားသည်။
အမေရိကန်က အင်ဒို- ပစိဖိတ်ဒေသအပေါ် ထားရှိသည့် အရေးပါမှုကို အလေးပေးပြောခဲ့ပြီး ထိုင်းနိုင်ငံကဲ့သို့သော ရေရှည်မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် ကတိပြုကြောင်း၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ အမေရိကန် အခွန်ကောက်ခံမှုဆိုင်ရာ ကိစ္စရပ်များ၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ (ဥပမာ ထိုင်း- အမေရိကန်တိုက်ရိုက်လေကြောင်း ခရီးစဉ်များ ပြန်လည်စတင်နိုင်ခြေ) နှင့် ဒေသတွင်း ဖြစ်ပေါ် တိုးတက်မှု အခြေအနေတို့ကိုပါ ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ဇန်နဝါရီ ၁၆ ရက်ကလည်း အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (EAPOC/EAPMC) မှ ဂျိမ်းစ်ဆူးလ်နှင့် ထိုင်းရဲချုပ် ကစ်တီရတ် ပန်ပက်ချ်နှင့် ဘန်ကောက်၌တွေ့ဆုံ၍ ကျားဖြန့်နှိမ်နင်းရေး အကြီးစားစစ်ဆင်ရေး ပြင်ဆင်နေကြောင်းဆိုသလို အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဂျော့ခ်ျ ဒီဆွမ်ဘရီကလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်နှင့် ပြီးခဲ့သည့်လက တွေ့ဆုံပြီး ကျားဖြန့် နှိမ်နင်းရေး ဒေါ်လာ ၁၀ သန်းနှင့် နိုင်ငံရပ်ခြား စစ်ရေးဆိုင်ရာအကူအညီ ဒေါ်လာ ၆၈ သန်း ပေးမည်ဟု ဆိုထားသည်။
အမေရိကန်သည် မြန်မာနှင့် အရှေ့တောင်အာရှရှိ ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းရန် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၂ ရက်က အမေရိကန်ရှေ့နေရုံး၊ တရားရေးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လျှို့ဝှက်အေဂျင်စီများ အပါ အဝင် အမေရိကန် အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့ (FBI) က အဖွဲ့ဝင်၊ ကိုယ်စားလှယ်များနဲ့ ရှေ့နေများပါဝင်သည့် ကျားဖြန့်နှိမ်နင်းရေး အထူးတပ်ဖွဲ့ (Scam Center Strike Force) ဖွဲ့စည်းခဲ့သည်။
ပြီးခဲ့နှစ်အတွင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က ထိုင်း- မြန်မာနယ်စပ်၊ ကရင် ပြည်နယ်၊ ရွှေကုက္ကိုဒေသတွင် လည်ပတ်နေသော အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)နှင့် ဆက်စပ်နေသည့် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနှင့် ၎င်း၏ သား၂ ဦး အပါအဝင် လူပုဂ္ဂိုလ်များအား ပိတ်ဆို့ အရေးယူထားသည်။
ဓာတ်ပုံ- Ministry of Foreign Affairs of the Kingdom of Thailand