ဧရာဝတီတိုင်းတွင် လစဉ်စစ်မှုထမ်းကြေးအဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂ သိန်းနီးပါး ကောက်ခံလာ

ဧရာဝတီတိုင်းတွင် လစဉ်စစ်မှုထမ်းကြေးအဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂ သိန်းနီးပါး ကောက်ခံလာ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် ကလကျောင်းစု စောင်လှ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးအေးဟန် ဦးဆောင်သော အဖွဲ့က စစ်မှုထမ်းကာလ စတင်ချိန်မှစ၍ အိမ်ထောင်စုတစ်စုလျှင် ​ငွေကျပ် ၂ သိန်းနီးပါး ကောက်ခံလာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
၂၀၂၄ ခုနှစ် စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးချိန်မှစတင်၍ ဝါးခယ်မမြို့နယ် ကလကျောင်းစု စောင်လှ ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် အိမ်ထောင်စုတစ်စုလျှင် လူငယ် ၁ ဦးရှိပါက ငွေကျပ် ၁၇၀,၀၀၀ မှ ငွေကျပ် ၂ သိန်းအထိ စစ်မှုထမ်းကြေး လစဉ်ကောက်ခံကြောင်း၊ အကယ်၍ အိမ်ထောင်စု တစ်စုတည်းတွင်ပင် လူငယ်အရေအတွက်များပါက လူငယ် ၁ ဦးလျှင် ငွေကျပ် ၂ သိန်းနီးပါးဖြင့် တွက်ချက်၍ ရှိနေသည့် လူငယ်အရေ အတွက်အတိုင်း စစ်မှုထမ်းကြေး ကောက်ခံကြောင်း၊ စစ်မှုထမ်းပါသွားသော လူငယ်များ၏ မိသားစုများကလည်း စစ်မှုထမ်ကြေးအဖြစ် ၄ သောင်းမှစတင်၍ ထည့်ရကြောင်း သိရှိရသည်။
အဆိုပါ ကလကျောင်းစု စောင်လှကျေးရွာအုပ်စုတွင် ရွာသားများကို ဖိအားပေးကာ စစ်မှုထမ်းကြေး ကောက်ခံနေသူများမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူ​ အေးဟန်၊ ရာအိမ်မှူး မြင့်ခိုင်၊ ရာအိမ်မှူး မြင့်ဆွေ၊ ကျောင်းစုပိုင် ရာအိမ်မှူး မြင့်သိန်း၊ ရပ်ကျေးစာရေး အောင်မြတ်သူ တို့ဖြစ်ကြောင်း သိရသည်။
“ကျောင်းစု စောင်လှ ကလရွာတွေမှာ တစ်အိမ်ထောင်ကို လူငယ် ၂ ယောက်ရှိရင် ၂ ယောက်လုံးစာ စစ်မှုထမ်းကြေးထည့်ရတယ်။ ၃ယောက် ရှိရင် စစ်မှုထမ်းကြေး ‌၃ ယောက်စာပေးရတယ်။ တစ်ယောက်တည်းကိုတော့ ၁ သိန်း ၇သောင်းကနေ ၂ သိန်းအထိ ထည့်ရတယ်။ အုပ်ချုပ်ရေးမှူးကလည်းရွာသားများကို တော်တော်ဖိအား‌ပေးပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲရှိ၍ စစ်မှုထမ်းခေါ်ယူသည့်ကို ယာယီရပ်နားမည်ဟု ပြောကြားခဲ့သော်လည်း လက်ရှိတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများက မဲနှိုက်ခြင်း၊ စစ်မှုထမ်းစာရင်းသွင်းခြင်းများကို ယခု ဖေဖော်ဝါရီလတွင် ပြန်လည် လုပ်ဆောင်လာကြောင်း ၊ စစ်မှုထမ်းမဲနှိုက်ခြင်းကို မလိုက်နာပါက အိမ်ထောင်စုတစ်စုလျှင် ကျပ် ၅ သိန်း အထိပေးဆောင်ရမည်ဟု ခြိမ်းခြောက်လာပြီး ငွေ မပေးနိုင်ပါက တရားစွဲမည်ဟု ခြိမ်းခြောက်မှုများလည်း ရှိနေကြောင်း သိရသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ရွာသားများအပေါ် ဖိနှိပ်ဆက်ဆံမှုများ လုပ်ဆောင်ပြီး ကန့်ကွက်ပြောဆိုပါက စစ် သား သို့မဟုတ် ရဲများကို ခေါ်ယူဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်ထားကြောင်း ဒေသခံများက ပြောသည်။
“ရွာသားတွေ စောဒက တက်ပိုင်ခွင့်မရှိပါဘူ။း စောဒကတက်ရင် စစ်သား၊ ရဲခေါ် ပြီး ဖမ်းခိုင်းမယ်လို့‌‌ ခြိမ်းခြောက်ပါတယ်”ဟု ဒေသ ပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဒေသပြည်သူအများစုမှာ လက်လုပ်လက်စားလုပ်ကိုင်သူများဖြစ်ပြီး ကောက်ခံသည့် ငွေကြေးများကို မတတ်နိုင်သဖြင့် အတိုးဖြင့် ချေးယူပေးဆောင်ရသူများလည်း ရှိနေကြောင်း၊ ကောက်ခံသည့် ငွေများကို မည်သည့်နေရာသို့ သုံးစွဲသည်ကို မသိရဘဲ အုပ် ချုပ်ရေးအဖွဲ့ဝင်များက ကိုယ်ပိုင်အသုံးစရိတ်အဖြစ် သုံးစွဲနေကြောင်း သိရှိရသည်။
အလားတူ မအူပင်မြို့နယ်၊ သုံးခွကျေးရွာအုပ်စု ပန်းပဲစုကျေးရွာတွင်လည်း အုပ်ချုပ်ရေးမှူး လှဝင်း ဦးဆောင်၍ စစ်မှုထမ်းကြေး အမည်တပ်၍ ငွေကြေး မတရား ကောက်ခံနေကြောင်း သိရှိရသည်။
ပန်းပဲစုကျေးရွာတွင် စစ်မှုထမ်းကြေးအဖြစ် တစ်လလျှင် ကျပ် ၁၅,၀၀၀ မှ ၂၀,၀၀၀ အထိ ပေးဆောင်ရပြီး နိုင်ငံခြားသွားရောက်နေသူရှိသည့် အိမ်ထောင်စုများကို လစဉ် ကျပ် ၁ သိန်း ကောက်ခံကြောင်း ၊ စစ်မှုထမ်းကြေးကို မတရားကောက်ခံနေသူများတွင် သုံးခွအုပ်ချုပ်ရေးမှူး လှဝင်းနှင့် ပန်းပဲစုကျေးရွာ ရာအိမ်မှူး ပြေသိန်းတို့ ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဝါးခယ်မမြို့နယ်တွင် စစ်မှုထမ်းဥပဒေဖြင့် ပြည်သူများကို ဆင့်ခေါ် အစည်းအဝေးလုပ်နေစဉ်။