အစိုးရသစ်ထံ လွှဲပြောင်းရန်ဟုဆိုကာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထား၍ ဝန်ကြီးဌာနများအလိုက် ငွေစာရင်း၊ မရွှေ့ပြောင်းနိုင်သောစာရင်း၊ ငွေစာရင်းနှင့်ပိုင်ဆိုင်မှုအရပ်ရပ်စာရင်းများ အမြန်ပြုစုတင်ပြခိုင်း
ရန်ကုန်၊ဖေဖော်ဝါရီ ၂
အကြမ်းဖက်စစ်တပ်က အစိုးရသစ်ထံ လွှဲပြောင်းရန်ဟုဆိုကာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထား၍ ဝန် ကြီးဌာနများအလိုက် ငွေစာရင်း၊ ပစ္စည်းစာရင်းနှင့်ပိုင်ဆိုင်မှုစာရင်းများကို အမြန်ပြုစုခိုင်းနေကြောင်း နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၃၀ ရက်နေ့နေ့စွဲဖြင့် စစ်ကော်မရှင်က ဝန်ကြီးဌာနများအလိုက် မရွှေ့ပြောင်းနိုင်သော ပစ္စည်းစာရင်းများ၊ ငွေစာရင်းများ၊ မြေ၊ အဆောက်အဦး၊ ပိုင်ဆိုင်မှုများအားလုံးကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြုစု တင်ပြရန် ညွှန်ကြားလာကြောင်း၊ စာရင်းများကို တင်ပြရာတွင် ယခင်မူလရှိခဲ့သော စာရင်းနှင့် ယခုလက်ရှိ လက်ကျန်စာရင်းများကို နှိုင်းယှဉ်ဖော်ပြရန်၊ မှတ်ချက်ပေးရန်များ ရှိပါကလည်း အထူးမှတ်ချက်ဖြင့် တင်ပြရန် တို့ပါဝင်ကြောင်း သိရှိရသည်။
” ဝန်ကြီးဌာနအလိုက် ရွှေ့ပြောင်းနိုင်တဲ့စာရင်း၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းစာရင်း၊မြေ၊အဆောက်အဦး၊ရင်းနှီး ပစ္စည်း ၊ ပိုင်ဆိုင်မှု၊ ငွေစာရင်းတွေ အရပ်ရပ်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထား တင်ပြခိုင်းတယ်။ ပစ္စည်းစာရင်းမှာ စားပွဲ၊ ဘီဒို၊ကုလားထိုင်ကအစ ကောင်း/သင့်/ညံ့ ဆိုတာမျိုး မှတ်ချက်ပေးခိုင်းတယ်။ ပိုင်ဆိုင်မှု အဆောက်အဦးတွေဆိုရင် အထပ်မြင့်လား၊ ဂရန်၊ ရှိ၊ မရှိ၊ မြေပိုင်ဆိုင်မှုဆိုရင်လည်း ငှားထားတာလား၊ မူလ ပိုင်ဆိုင်ထားလား ဆိုတာတွေပါ အကုန်ဖြည့်ခိုင်းတယ်။ ညွှန်ကြားစာမှာ အစိုးရသစ် လွှဲပြောင်းစာရင်း အတွက်ဆိုတာပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ဝန်ကြီးဌာန၏ ငွေစာရင်းများကို တင်ပြရာတွင်လည်း ယခင် NLD အစိုးရလက်ထက် ရှိခဲ့သော မူလ ငွေစာရင်း၊ စစ်အာဏာသိမ်းကာလ ၅ နှစ်တာအတွင်း အသုံးပြုခဲ့သော ငွေစာရင်းနှင့် နောက်ဆုံးလက်ကျန်ငွေစာရင်းများကို နှိုင်းယှဉ်ပြ ဇယားများဖြင့် စာရင်းစစ် ထောက်ခံစာများကိုပါ အမြန်ဆုံး ထည့်သွင်းတင်ပြရန် ညွှန်ကြားလာကြောင်း သိရှိရသည်။
“ဒီ ၅ နှစ်ကာလအတွင်းမှာ လိုငွေဖြစ်နေတာမျိုးတွေဆိုရင် ဒီဖေဖော်ဝါရီလကုန်မှာ အပြီးရှင်းလင်းဖို့၊ ပိုငွေဖြစ်နေတာဆိုရင်တော့ ဘယ်ဘဏ်အကောင့်ထဲမှာ ဘယ်လို ထည့်သွင်းထားတဲ၊ ရင်းနှီးမြှုပ်နှံထားလဲ စသည်ဖြင့် တိတိကျကျ တင်ပြရန် ဆိုတာလည်း ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။
စစ်တပ်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ အပိုင်း ၃ ခုစလုံးတွင် ကြံ့ဖွတ်ပါတီက ပြည်သူ့လွှတ်တော်အမတ်နေရာ ၂၃၂ နေရာ၊ အမျိုးသားလွှတ်တော်တွင် အမတ်နေရာ ၁၀၉ နေရာ အနိုင်ရရှိထားကြောင်း၊ စုစုပေါင်း အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တွင် အမတ်စုစုပေါင်း ၃၄၁ နေရာရရှိပြီး လွတ်လွတ်ကျွတ်ကျွတ် ကြံ့ဖွတ်အစိုးရဖွဲ့စည်းခွင့်ရရှိထားသည်။
အကြမ်းဖက်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက လာမည့် မတ်လအတွင်း လွှတ်တော်ခေါ်ယူ၍ အစိုးရအဖွဲ့သစ်ထံသို့ အာဏာလွှဲပြောင်းမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။