မန္တလေးမြို့ပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်မှုဖြစ်ပွား၊ လူငယ်များကိုလည်း အိမ်စီးကားများဖြင့် ဆွဲတင်ဖမ်းဆီးမှုများ ဖြစ်ပေါ်နေပြီး ရဲစခန်းက လူပျောက်တိုင်ကြားမှုများကို ချက်ချင်းအမှုပေးမဖွင့်

မန္တလေးမြို့ပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်မှုဖြစ်ပွား၊ လူငယ်များကိုလည်း အိမ်စီးကားများဖြင့် ဆွဲတင်ဖမ်းဆီးမှုများ ဖြစ်ပေါ်နေပြီး ရဲစခန်းက လူပျောက်တိုင်ကြားမှုများကို ချက်ချင်းအမှုပေးမဖွင့်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မန္တလေးမြို့ပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်မှုဖြစ်ပွားပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၈ နာရီအချိန် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ ၈၄ လမ၊ ၄၁ x ၄၂ လမ်းအကြားတွင် ရေခဲမုန့်ဆိုင်ဖွင့်လှစ်ထားသော မဟန်ထက်စိုးစံနှင့်မိခင်ဖြစ်သူတို့က ဆိုင်ပိတ်ပြီး နေအိမ်သို့ ပြန်ရန် ပြင်ဆင်နေကြောင်း၊ ထိုအချိန် အမျိုးသား ၂ ဦးက ဆိုင်သို့ ရောက်ရှိလာပြီး မဟန်ထက်စိုးစံ၏ ဆိုင်ကယ်ကို အတင်းလုယက်ကြောင်း၊ မဟန်ထက်စိုးစံကလည်း သူ၏ ဆိုင်ကယ်ကို လုယူ မသွားစေရန် ပြန်လည် ဆွဲယူရာ လုယက်သူ အမျိုးသား ၁ ဦးက သေနတ်ဖြင့် ၂ ချက် ပစ်ခတ်ခဲ့ကြောင်း၊ မဟန်ထက်စိုးစံမှာ လက်နှင့်ခြေထောက်တို့တွင်ဒဏ်ရာရရှိသွားပြီး ဆိုင်ကယ်မှာ လုယက်သူများ မရရှိသွားဘဲ ပြန်လည်ရရှိခဲ့ကြောင်း သိရှိရသည်။
“ည ၈ နာရီအချိန် လူတွေတော့ ရှိသေးတယ်။ အတင်းဝင်လုတာ။ ပြီးတော့ သေနတ်နဲ့ ပစ်တာ။ ဆိုင်ကယ်ကတော့ ပါမသွားဘူး။ ဆိုင်ရှင်ကောင်မလေးလည်း ဒဏ်ရာရတယ်။ သူနဲ့ သူ့အမေ ၂ ဦးကို ဆိုင်ဖွင့်ပြီး ပြန်ဖို့ လုပ်တာ။ လူမပြတ်သေးတဲ့အချိန်ကို ဝင်လုတာ။ အခုတော့ အနားက CCTV တွေကို လိုက်တောင်းပြီး လုယက်သူတွေ ဖမ်းမိနိုင်ဖို့ ရဲတွေက စုံစမ်းနေတယ်” ဟု ဖြစ်စဉ်ဖြစ်ပွားသည့် နေရာအနီးတွင် နေထိုင်သူ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယင်းအပြင် မန္တလေးမြို့ပေါ်တွင် ဇန်နဝါရီလ ၃၀ ရက်နေ့မှစတင်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ညပိုင်းအထိ လူငယ်များကို ည ၇ နာရီအချိန် ပရဟိကားများ၊ အိမ်စီးကားများဖြင့် လိုက်လံ ဖမ်းဆီးမှုများဖြစ်ပွားလျက်ရှိကြောင်း၊ ယခင်ကဲ့သို့ ပျူစောထီးနှင့်အရပ်ဝတ် စစ်သားများက ပေါ်တာဆွဲခြင်းမျိုးမဟုတ်တော့ဘဲ လူမိုက်များနှင့်ဆေးသမားများက အုပ်စုဖွဲ့၍ လိုက်လံ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရရှိသော လူငယ်များကို ငွေညှစ်ခြင်းနှင့် တချို့သူများမှာ စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းစားခံရခြင်းများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
“ဒီရက်ပိုင်း အိမ်စီးကားတွေနဲ့ ည ၇ နာရီလောက်ကြီးကို လူငယ်တွေကို ဆွဲဖမ်းနေတာ။ အရင်တုန်းကတော့ စစ်မှုထမ်းပေါ်တာဆွဲဆိုပြီး ဖြစ်တာ။ အခုက ပေါ်တာဆွဲတာမျိုးမဟုတ်တော့ဘူး။ ဆေးသမားတွေကလည်း အုပ်စုဖွဲ့ပြီး လူငယ်တွေရဲ့ မိဘတွေဆီကို ငွေညှစ်တယ်။ တချို့ လူမိုက်တွေကလည်း ပေါ်တာဆွဲတာဆိုပြီး စစ်မှုထမ်း လူစားထိုး လိုက်ရောင်းတာ။ အခုက ဖမ်းသွားရင် ဘယ်သူဖမ်းမှန်းမသိရတော့ဘူး။ အရင်ကတော့ အရပ်ဝတ် စစ်သားနဲ့ ပျူစောထီးတွေက စစ်မှုထမ်း ပေါ်တာဆွဲတာ။ အခုကတော့ ပါသွားပြီးမှ ငွေညှစ်တာလား၊ စစ်မှုထမ်း ပေါ်တာဆွဲတာလား ဆိုတာ သိရတယ်။ မြို့ပေါ်မှာကို မလုံခြုံတော့တာ” ဟု မန္တလေးမြို့မှ စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။
ဇန်နဝါရီလ ၃၀ ရက်နေ့ ည ၈ နာရီအချိန် မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်အနီးတွင် လူငယ်တစ်ဦးကို ပတ်ပတ်လည် ကားမှန်များကို စတေကာ အမည်းများ ကပ်ထားသော Nissan AD Van ကားဖြင့် ဆွဲတင်ဖမ်းဆီးသွားကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသော လူငယ်မှာ မန္တလေးမြို့မှ ဆီကုန်သည်တစ်ဦး၏ သားဖြစ်ပြီး သိန်း ၁၀၀၀ ဖြင့် ရွေးယူရန် ငွေညှစ်ခံရကြောင်း၊ ယင်းနောက် ညှိနှိုင်းဖြင့် သိန်း ၅၀၀ ငွေသားပေးကာ ပြန်လည် လွတ်မြောက်လာကြောင်း၊ မန္တလေးတွင် လူပျောက်တိုင်ကြားမှုများကိုလည်း ရဲစခန်းက ချက်ချင်း အမှုဖွင့်မပေးဘဲ စစ်မှုထမ်းပေါ်တာဆွဲခံရခြင်းဟုတ်၊ မဟုတ်သေချာအောင် လိုက်လံစုံစမ်းခိုင်းကြောင်း သိရှိရသည်။
“ဇန်နဝါရီလ ၃၀ ရက်နေ့ ညပိုင်း ဆီကုန်သည်သား ပြန်ပေးဆွဲခံရတယ်။ ပထမတော့ ပေါ်တာဆွဲခံရသလိုလိုနဲ့ တပ်တွေ လိုက်စုံစမ်းတယ်။ နောက်နေ့ မနက်ပိုင်းမှာ သိန်း ၁၀၀၀ နဲ့ ရွေးဖို့ ဆိုပြီး ဆက်သွယ်တယ်။ နောက် ညှိနှိုင်းတော့ သိန်း ၅၀၀ နဲ့ စျေးတည့်ပြီးတော့ သူတို့ပြောတဲ့နေရာကို ငွေသား သိန်း ၅၀၀ ပို့မှ အဲဒီလူငယ်လည်း ပြန်လွတ်လာတယ်။ ပေါ်တာဆွဲသွားတာမဟုတ်ဘူး။ လူကို ဖမ်းပြီး ငွေညှစ်တာ” ဟု မန္တလေးမြို့မှ ယင်းဖြစ်စဉ်ကို သိရှိထားသော စီးပွားရေးသမားက ရှင်းပြသည်။
အခြားတစ်ဖက်တွင်လည်း မန္တလေးမြို့ပေါ်တွင် ယခု ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၂၂ အတွက် စစ်တပ်နှင့်ပျူစောထီးများက ပေါ်တာဆွဲ ဖမ်းဆီးမှုများ အရှိအဟုန်မြှင့်လုပ်ဆောင်နေကြောင်း မန္တလေး ဒေသပြည်သူများထံမှ သိရှိရသည်။
ဓာတ်ပုံ- ဆိုင်ကယ်လုယက်ခံရမှုကြောင့် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့သော မဟန်ထက်စိုးစံ။