မင်းအောင်လှိုင် လူမြင်ကွင်း မထွက်တာ ၇ ရက်ရှိနေပြီဖြစ်ပြီး နေပြည်တော်ရောက်ရှိနေသော ရုရှားကိုယ် စားလှယ်အဖွဲ့ နှင့် တွေ့ဆုံဖွယ်ရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ လူမြင်ကွင်း မထွက်သည်မှာ ၇ ရက်ရှိနေပြီဖြစ်ပြီး နေပြည် တော် ရောက်ရှိနေသော ရုရှားကိုယ်စားလှယ်အဖွဲ့ နှင့် တွေ့ဆုံဖွယ်ရှိကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်း မြစ်က ပြောဆိုသည်။
ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်း နေပြည်တော်တွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနှင့်တွေ့ဆုံပြီးနောက် ဇန်နဝါရီလ ၂၇ ရက်နေ့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ မင်းအောင်လှိုင်မှာ အစည်းအဝေးများ၊ အခမ်းအနားများ မတက်ဘဲ ၇ ရက်တာ လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင် စီမံမှုဖြင့် No More Dictatorship (NMD-PDF) အဖွဲ၊ Shadow (Mandalay) အဖွဲ နှင့် Infinity (အညာ) အဖွဲ့တို့ ပူး ပေါင်း၍ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ လုံးကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ချိန် မင်းအောင်လှိုင်မှာ ယတြာချေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) သို့ ခေတ္တ တည်း ခိုနေချိန် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့များက သတင်းထုတ်ပြန်ခဲ့ကြသည်။
သို့ရာတွင် နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်များက မင်းအောင်လှိုင်မှာ ပုံမှန်အတိုင်း နေပြည်တော်တွင်ရှိနေပြီး စစ်ခေါင်းဆောင်နှင့်ပတ်သက်၍ ထူးထူးခြားခြား သတင်းထွက်လာခြင်းမရှိကြောင်း ပြောဆိုကြသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရုရှားနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ နေပြည်တော်သို့ ရုရှား အထူးလေယာဉ်ဖြင့် ရောက်ရှိလာပြီး စုစုပေါင်း လူအင်အား ၈၀ ဝန်းကျင်ပါဝင်ကြောင်း၊ ယင်းရုရှားကိုယ်စားလှယ်အဖွဲ့ကို အကြမ်းဖက် မင်းအောင်လှိုင်က ယနေ့ တွေ့ဆုံဖွယ်ရှိကြောင်း သိရှိရသည်။
“မနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လယ်မှာ ရုရှားက အထူးလေယာဉ် ၁ စီးဆိုက်ရောက်ပါတယ်။ ရုရှားကိုယ် စားလှယ်အဖွဲ့ ပါတယ်။ စုစုပေါင်း လူအင်အား ၈၀ လောက်လိုက်ပါလာတယ်။ နေပြည်တော်မှာ ဒီနေ့နဲ့ မနက်ဖြန် ၂ ရက်လောက်နေမယ်လို့ သိရတယ်။ ဒီနေ့တော့ အဲဒီရုရှားကိုယ်စားလှယ်အဖွဲ့နဲ့ သူတွေ့မလားတော့ မသိဘူး” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ဌာနဆိုင်ရာ သတင်းရင်းမြစ်တချို့မူ မင်းအောင်လှိုင်အနေဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့သို့ ဆိုင်းမဆင့်ဘုံမဆင့် ရုတ်တရက်သွားရောက်ခဲ့ပြီး ၀စိပိတ်ဘုန်းကြီးနှင့်တွေ့ဆုံခဲ့ကြောင်း၊ လာမည့် မတ်လနှင့်ဧပြီလ အစိုးရအဖွဲ့အပြောင်း အလဲအတွက် စစ်ခေါင်းဆောင်အနေဖြင့် လူမြင်ကွင်းမှ ပျောက်ကွယ်နေသော အချိန်များတွင် ယတြာချေမှု ပြုလုပ်ဖွယ်ရှိကြောင်း သုံးသပ်ပြောဆိုကြသည်။