၃၁. ၁. ၂၀၂၆



ထိုင်းနိုင်ငံ၏ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ အထူးသဖြင့် အွန်လိုင်းခေါ်ဆို (Call Center) လိမ်လည်မှု ကျားဖြန့်ဂိုဏ်းများနှင့် လူကုန်ကူးမှုများကို နှိမ်နင်းရာတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ထိုင်းနိုင်ငံတကာရဲတပ်ဖွဲ့က ဆက်လက်လုပ်ဆောင်လျက်ရှိရာ မကြာသေးမီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် နှစ်ဖက်သတင်းအချက်အလက်များ ဖလှယ်ခဲ့ကြပြီး ဒေသတွင်း ရာဇဝတ်မှုများ ဖြစ်ပွားစေသည့် ဟာကွက်များကို ပိတ်ဆို့နိုင်ရန် စနစ်တကျ အစီအမံများ တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ထိုင်းနိုင်ငံတကာရဲတပ်ဖွဲ့ (RTP) ဒုတိယရဲချုပ်နှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဌာန ညွှန်ကြားရေးမှူး ရဲဗိုလ်ချုပ်ကြီး Thatchai Pitaneelaboot က ပြောကြားရာတွင် ရဲချုပ်ကြီး Kittiratt Phanphet ၏ တာဝန်ပေးချက်အရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူကုန်ကူးမှု စောင့်ကြည့်ရေးနှင့် တိုက်ဖျက်ရေးရုံး (TIP Office) မှ ယာယီညွှန်ကြားရေးမှူး Ms. Rachel M. Poynter နှင့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံမှုကို ဇန်နဝါရီလ ၂၈ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့ဌာနချုပ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံမှုအတွင်း အမေရိကန်ဘက်က နိုင်ငံတကာ Call Center ဂိုဏ်းများနှင့် ဆက်နွှယ်နေသော လူကုန်ကူးမှုများအပေါ် အထူးစိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဤဂိုဏ်းများသည် ကမ္ဘာတစ်ဝန်းရှိ လူများကို လိမ်လည်၍ ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်စေရုံသာမက၊ အလုပ်သမားများကိုလည်း ရာဇဝတ်မှုကွန်ရက်များထဲသို့ အဓမ္မစေခိုင်းကာ နိုင်ငံအများအပြားကို ထိခိုက်စေလျက်ရှိသည်။ လက်ရှိတွင် အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် ထိုင်းနိုင်ငံ၏ အဆင့်သတ်မှတ်ချက် (Tier ranking) ကိုလည်း ပြန်လည်သုံးသပ် လေ့လာနေသည်။
ရဲဗိုလ်ချုပ်ကြီး Thatchai က ထိုင်းရဲတပ်ဖွဲ့၏ SHIELD အမည်ရှိ စနစ်သစ်အကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ဤစနစ်သည် Call Center လုပ်ဆောင်ချက်များ၊ လူကုန်ကူးမှု ကွန်ရက်များ၊ စုံစမ်းစစ်ဆေးမှုများနှင့် လူနာမည်စာရင်းများကို နိုင်ငံတကာနှင့် ချိတ်ဆက်ဖလှယ်နိုင်မည့် ဗဟိုဒေတာစနစ်တစ်ခုဖြစ်သည်။
ထို့အပြင် ယခုနှစ်အတွင်း ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော နိုင်ငံခြားသားများကို ခြေရာခံရန်နှင့် စိစစ်ရန် AI (Artificial Intelligence) နည်းပညာကို အသုံးပြုသွားမည်ဖြစ်သည်။ အထူးသဖြင့် Call Center ဂိုဏ်းများ၏ အခြေစိုက်စခန်းများဟု လူသိများသော မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံတို့နှင့် ထိစပ်နေသည့် နယ်စပ်ဒေသများသို့ သွားလာနေသူများကို အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း လှည့်ဖျားခေါ်ဆောင်ခြင်း ခံရကာ အလုပ်လုပ်ကိုင်နေရသည့် နိုင်ငံခြားသား လူကုန်ကူးခံရသူများ မိခင်နိုင်ငံသို့ ဘေးကင်းစွာ ပြန်နိုင်ရန်အတွက်လည်း ထိုင်းနိုင်ငံက အဓိကအခန်းကဏ္ဍမှ ကူညီပေးနေသည်။ ထို့ပြင် မြန်မာ-ကမ္ဘောဒီးယား နယ်စပ်ရှိ ရာဇဝတ်မှုကွန်ရက်များကို ဖြတ်တောက်ရန် အခြေခံအဆောက်အအုံ ချိတ်ဆက်မှုအချို့ (ဥပမာ- အင်တာနက် သို့မဟုတ် ဆက်သွယ်ရေးလိုင်းများ) ကို ဖြတ်တောက်သည့် အစီအမံများကိုလည်း ဆောင်ရွက်နေသည်။ ဤလုပ်ရပ်ကြောင့် ဒေသတွင်းစီးပွားရေး အနည်းငယ် ထိခိုက်နိုင်သော်လည်း ရေရှည်တွင် ရာဇဝတ်မှုများကို အမြစ်ပြတ်ရန် လိုအပ်သည်ဟု ယူဆထားကြသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူကုန်ကူးမှု စောင့်ကြည့်ရေးနှင့် တိုက်ဖျက်ရေးရုံး (TIP Office) မှ ယာယီညွှန်ကြားရေးမှူး Ms. Rachel က ထိုင်းနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများကို ချီးကျူးခဲ့ပြီး၊ တရားဥပဒေစိုးမိုးရေးနှင့်အတူ ကျူးလွန်ခံရသူများကို ကာကွယ်စောင့်ရှောက်ရေးကိုလည်း ဆက်လက်အာရုံစိုက်ရန် တိုက်တွန်းခဲ့သည်။
ရဲဗိုလ်ချုပ်ကြီး Thatchai က “အကယ်၍ ထိုင်းနိုင်ငံရဲ့ Tier ranking အဆင့် တိုးတက်လာမယ်ဆိုရင် နိုင်ငံတကာရဲ့ ယုံကြည်မှု ပိုမိုရရှိလာမှာဖြစ်သလို၊ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း များစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့သည် နိုင်ငံတော်လုံခြုံရေး၊ စီးပွားရေးနှင့် နိုင်ငံတကာပုံရိပ် ကောင်းမွန်စေရန်အတွက် အွန်လိုင်းခေါ်ဆိုလိမ်လည်သည့် ကျားဖြန့်ဂိုဏ်းများနှင့် လူကုန်ကူးမှုများကို ဆက်လက် နှိမ်နင်းသွားမည်ဖြစ်ကြောင်း သိရသည်။
Ref : The Nation Thailand