အင်းတော်ကြီးနဲ့ ဗန်းမော်က စစ်တပ်ကာကင်းစခန်းအချို့သိမ်းနိုင်ကြောင်း KIAအတည်ပြု
ဖေဖော်ဝါရီ ၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသနဲ့ ဗန်းမော်မြို့က စစ်တပ် ကာကင်းစခန်းအချို့သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဇန်နဝါရီ လကုန်ပိုင်းမှာ အင်းတော်ကြီးဒေသ ဟဲပန်ရွာအနီးက စစ်တပ်စခန်းနဲ့ ဗန်းမော်မြို့က ခြေကုတ်စခန်းနေရာအချို့ သိမ်းနိုင်တဲ့ အခြေအနေတွေကို အခုလို အတည်ပြုပြောတာဖြစ်ပါတယ်။
“အင်းတော်ကြီးဘက်က ဟဲပန်ရွာအပြင်မှာ လုံခြုံရေးချထားတဲ့ ကာကင်းစခန်းတခုကို သိမ်းပိုက်ရတယ်ဆိုတာကတော့ အတည်ပြုပြောလို့ရပါတယ်။ ဗန်းမော်ဘက်က အခြေအနေကတော့ စခန်းသိမ်းတာတော့မရှိပါဘူး။ သူတို့ ထိုးစစ်ဆင်လို့ရောက်လာတဲ့ ခြေကုပ်စခန်းတွေ လုံခြုံရေး ကာကင်းစခန်းတွေ တချို့ သိမ်းတာပေါ့။ သူတို့လည်း ဆုတ်သွားတယ်လို့ ပြောရမှာပေါ့။ နယ်မြေ အနည်းငယ်တိုးချဲ့လို့ရတဲ့ အနေအထားတော့ရှိပါတယ်” လို့ ဗိုလ်မှူးကြီးနာ်ဘူက ပြောပါတယ်။
ဇန်နဝါရီ ၂၈ရက် ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီ သံချပ်ကာယာဉ်ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးနိုင်ကြောင်း စစ်ရေး သတင်းရင်းမြစ် အချို့က ပြောကြားထားရာ ဗိုလ်မှူးကြီးနော်ဘူက အဲဒီကိစ္စကို ဇန်နဝါရီ ၃၁ရက်ညပိုင်းအထိ အတည်ပြုနိုင်တာ မရှိသေးဘူးလို့ ပြောပါတယ်။
KIA ပူးပေါင်းတပ် သိမ်းပိုက်ခဲ့တဲ့ အင်းတော်ကြီးဒေသ ဟဲပန်ရွာ စခန်းဟာ စစ်ကောင်စီနဲ့ ရှမ်းနီ တပ်(SNA)တို့ ပူးပေါင်းတပ်စွဲထားတဲ့ နေရာဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ KIAတို့ဟာ ဇန်နဝါရီလအတွင်း ဝိုင်းမော်၊ ဖားကန့်၊ တနိုင်းမြို့နယ်တွေအတွင်းမှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တနိုင်းဘက်မှာ လည်း KIAက လက်လွှတ်ထားရတဲ့ စခန်းနေရာအချို့ကို ဇန်နဝါရီ လနောက်ဆုံးပတ်မှာ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာရှိပါတယ်။
(ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် KIA နဲ့ မဟာမိတ်များ ၂၀၂၅ ဖေဖော်ဝါရီ လဆန်းမှာသိမ်းဆည်းရရှိ သောလက်နက်များ နှင့် တင့်ကားတပ်ရင်း-၅၀၁၄။ ဓါတ်ပုံ- ကချင် တောင်တန်း)