မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့် အွန်လိုင်းကျားဖြန့်လိမ်လည်မှုကဲ့သို့သော ရာဇဝတ်မှုများ ပိုမိုများပြားလာကာ ဒေသတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက်နေဟု ဗြိတိန်နှင့်ဩစတြေးလျနိုင်ငံခြားဝန်ကြီးများ ပြော
ရန်ကုန်၊ ဖေဖော်ဝါရီ ၁


စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့် အွန်လိုင်းကျားဖြန့်လိမ်လည်မှုကဲ့သို့သော ရာဇဝတ်မှုများ ပိုမိုဖြစ်ပွားလာကာ ဒေသတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက်နေဟု ဗြိတိန်နှင့်ဩစတြေးလျနိုင်ငံခြားဝန်ကြီးများက ပြောဆိုလိုက်သည်။
ယနေ့ ကျရောက်သည့် မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်း ၅ နှစ်ပြည့်အခမ်းအနားတွင် အထက်ပါ အတိုင်း ပြောဆိုလိုက်ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ပြည်သူများမှာ အလွန်ဆိုးရွားသော အခြေအနေများကို ရင်ဆိုင်နေရကြောင်း၊ သန်းချီသော ပြည်သူများမှာ နေရပ်စွန့်ခွာနေရပြီး ကလေးငယ်များမှာလည်း ပညာသင်ကြားခွင့်မရကြောင်း၊ မြေပြင် အခြေအနေများ ပိုမိုးဆိုးရွာလာနေကြောင်း၊ ဗြိတိန်နိုင်ငံအပေါ်သို့ သက်ရောက်မှုရှိသော မူးယစ်ဆေးဝါးနှင့်အွန်လိုင်းကျားဖြန့်လုပ်ငန်းများမှာလည်း ကြီးထွားလာနေကြောင်း ဗြိတိန် နိုင်ငံ ခြားရေးဝန်ကြီး Yvette Cooper က ပြောဆိုသည်။
“စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်းမှာ မြန်မာပြည်သူပြည်သားများဟာ ပြင်းထန်ဆိုးရွားတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရကို ဖြုတ်ချခြင်းဖြင့် ပြည်သူ့ဆန္ဒနဲ့ နိုင်ငံရေးလွတ်လပ်ခွင့်များကို ဥပေက္ခာပြုဖျက်ဆီးခဲ့ပါတယ်။ ထိခိုက်မှုအများဆုံးခံရသောပြည်သူများနဲ့အတူ ယူကေဟာ ဆက်လက်ရပ်တည်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း လက်ရှိမြေပြင်အခြေအနေများဟာ အလွန်ဆိုးရွားလှပါတယ်။ မြန်မာကလေး သူငယ်စုစုပေါင်းရဲ့ တစ်ဝက်ခန့်ဟာ ပညာသင်ယူခွင့်မရကြပါဘူး။ ထို့အတူ မိန်းကလေးငယ်များနဲ့ အမျိုးသမီးများဟာလည်း အကြမ်းဖက်မှုများ ဆက်လက်ကြုံတွေ့နေရပါတယ်။ ယူကေအပေါ်မှာလည်း သက်ရောက်မှုရှိတဲ့ မူးယစ်ဆေးထုတ်လုပ်မှုနဲ့ အွန်လိုင်းလိမ်လည်မှုကဲ့သို့သော ပြစ်မှုများဟာလည်း ပိုမိုဖြစ်ပွားလျက်ရှိပါတယ်” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။
စစ်တပ်၏ ရွေးကောက်ပွဲမှာလည်း လွတ်လပ်မှုနှင့် တရားမျှတမှုမရှိကြောင်း၊ စစ်တပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ ရပ်စဲရန်၊ လူသားချင်းစာနာထောက်မှုအကူအညီများ မတားဆီးရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥသားများ လွှတ်ပေးရန် ၊ စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု လုပ်ရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ဆက်လက်တောင်းဆိုသည်။
“မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲဟာ လွတ်လပ်မှုမရှိသလို တရားမျှတမှုလည်း မရှိပါ။ လေကြောင်းတိုက်ခိုက်မှုများ ရပ်စဲရန်၊ လူသားချင်းစာနာမှုအကူအညီများ အတားအဆီးမရှိ ဝင်ရောက်ခွင့်ပြုရန်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန်၊ ငြိမ်းချမ်းတဲ့ဒီမိုကရေစီအပြောင်းအလဲတစ်ရပ်ဖြစ်ပေါ်လာစေရန်အတွက် စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် စစ်တပ်ကို မိမိတို့ တောင်းဆိုပါတယ်။ ယူကေအစိုးရအနေနဲ့ မြန်မာပြည်သူပြည်သားများနဲ့ တစည်းတလုံးတည်း အစဥ်အမြဲ ရပ်တည်သွားမှာဖြစ်ပါတယ်။”ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောဆိုသည်။
အလားတူ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wongကလည်း စစ်အာဏာသိမ်းခဲ့သော ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ မြန်မာပြည်သူများသည် တိုးမြင့်လာသောအကြမ်းဖက်မှုများ၊ ကျယ်ပြန့်စွာဖြစ်ပေါ်နေသောလူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆိုးရွားသောလူသားချင်းစာနာမှုဆိုင်ရာဒုက္ခများနှင့် ရင်ဆိုင်နေရကြောင်း၊ အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာခဲ့သောဤအကျပ်အတည်းသည် ဆက်လက်ဖြစ်ပွါးနေဆဲဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် ခန့်မှန်းခြေလူပေါင်း ၁၆ ဒသမ ၂ သန်းသည် အသက်ကယ်လူသားချင်းစာနာမှုအကူအညီများကိုလိုအပ်မည်ဖြစ်ပြီး လူပေါင်း ၃ ဒသမ ၆ သန်းကျော်သည် ဆက်လက်ဖြစ်ပွားနေသောပဋိပက္ခကြောင့် နိုင်ငံအတွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းနေရကြောင်း ပြောဆိုသည်။
စီးပွားရေးသိသိသာသာကျဆင်းသွားခဲ့ပြီး နယ်စပ်ဖြတ်ကျော်အရေးကြီးမှုခင်းများ ပိုမိုကြီးထွားလာကာ ဒေသတွင်းတည်ငြိမ်မှုကိုခြိမ်းခြောက်နေကြောင်း၊ မကြာသေးမီကပြုလုပ်ခဲ့သော စစ်အာဏာရှင်အဖွဲ့အစည်း၏ရွေးကောက်ပွဲများသည် ဆက်လက်ဖြစ်ပွားနေသောအကြမ်းဖက်မှုနှင့်ဖိနှိပ်မှုများအကြား အတိုက်အခံပါတီများ၏အဓိပ္ပာယ်ပြည့်ဝစွာပါဝင်မှုမရှိပဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းတို့သည် လွတ်လပ်၍တရားမျှတပြီး လူတိုင်းအကျုံးဝင်သည့်ရွေးကောက်ပွဲအခြေအနေများနှင့် မပြည့်မီခဲ့ကြောင်း၊ သြစတြေးလျအနေဖြင့် မြန်မာလူထုအပေါ် စစ်အာဏာရှင်အဖွဲ့အစည်း၏ ရက်စက်သော ဆက်လက်ကြမ်းကြုတ်မှုများနှင့်ပက်သက်၍ အစဥ်တစိုက်ရှုတ်ချလာခဲ့သည်ဖြစ်ပြီး မြန်မာစစ်တပ်အား ၄င်း၏လုပ်ရပ်များအတွက် မိမိတို့ဆက်လက်ဝေဖန်နေမည်ဖြစ်ကြောင်း ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ပြောဆိုသည်။