ကတိပေးထားတဲ့ ငွေကြေးတွေ မရရင် ကုလသမဂ္ဂ ဘဏ္ဍာရေး အကျပ်အတည်း ဆိုက်သွားနိုင်တယ်လို့ဆို

ကတိပေးထားတဲ့ ငွေကြေးတွေ မရရင် ကုလသမဂ္ဂ ဘဏ္ဍာရေး အကျပ်အတည်း ဆိုက်သွားနိုင်တယ်လို့ဆို
အဖွဲ့ဝင် နိုင်ငံအသီးသီးက ကတိပြုထားတဲ့ ငွေကြေးတွေကို ပေးချေဖို့ ပျက်ကွက်မယ်ဆိုရင် ကုလသမဂ္ဂဟာ ဘဏ္ဍာရေး အကျပ်အတည်းကြီး ဆိုက်သွားနိုင်တယ်လို့ နိုင်ငံတကာ အဖွဲ့ကြီးရဲ့ အကြီးအကဲက သတိပေး ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ စကားဟာ ကတိပြုထားတဲ့ ထောက်ပံ့ငွေတွေ ဒေါ်လာ ဘီလီယံနဲ့ချီ ပေးချေဖို့ ကျန်နေသေးတဲ့ အမေရိကန် အစိုးရကို တိုက်ရိုက် ရည်ညွှန်းဟန် ရှိပါတယ်။ လက်ရှိ အခြေအနေအတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ ကုလသမဂ္ဂရဲ့ လက်ကျန် ဘတ်ဂျတ်ဟာ ပုံမှန် လုပ်ငန်းဆောင်တာတွေ ဆက်ပြီး လည်ပတ်နေဖို့ ဇူလိုင်လကုန်ထိပဲ ဖူလုံမှု ရှိတော့တယ်လို့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ဂူတာရက်စ်က ဝန်ခံသွားခဲ့ပါတယ်။
သူက အဖွဲ့ဝင် ၁၉၃ နိုင်ငံစလုံး ကုလသမဂ္ဂဆီ ထည့်ဝင်ဖို့ ကတိပြုထားတဲ့ ငွေကြေးကိစ္စတွေအပေါ် ကတိတည်စေလိုတယ်လို့ ဂူတာရက်စ်က ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ ဘဏ္ဍာရေးအရ ပြိုဆင်းမှုကို တားဆီးနိုင်ဖို့ ရွေးစရာ နှစ်ခုပဲရှိကြောင်း၊ ပထမတစ်ခုက အဖွဲ့ဝင် နိုင်ငံအားလုံး ကတိပြုထားတဲ့ ငွေကြေးထည့်ဝင်မှုတွေကို အချိန်မီ ပြည့်ပြည့်ဝဝ ထည့်ဝင်ပေးကြဖို့ ဖြစ်ကြောင်း၊ ဒုတိယ တစ်ခုကတော့ ကုလသမဂ္ဂရဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေကို အခြေခံစပြီး ညှိနှိုင်း ပြောင်းလဲလိုက်တာဖြစ်ကြောင်း ဂူတာရက်စ်က မှတ်ချက်ပေးသွားပါတယ်။
အစဉ်အလာအရ ကုလသမဂ္ဂအတွက် အကြီးဆုံး ထည့်ဝင်လှူဒါန်းသူဖြစ်တဲ့ အမေရိကန်က ကတိပြုထားတဲ့ ငွေကြေးတွေကို ပေးချေဖို့ ပျက်ကွက်နေခြင်းက လက်ရှိ အကျပ်အတည်းကို ဦးတည်လာစေတာ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကုလသမဂ္ဂရဲ့ လုပ်ငန်းဆောင်တာတွေကို မကြာခဏ ဝေဖန်ထားပြီး အလားအလာကောင်းတွေ ရှိလျက်နဲ့ ပြည့်မီအောင် အားမထုတ်ခဲ့တဲ့ အဖွဲ့လို့ စွပ်စွဲထားပါတယ်။ ထရမ့်လက်ထက်မှာ အမေရိကန်ဟာ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)၊ စီးပွားရေး၊ သိပ္ပံ၊ ယဉ်ကျေးမှု အဖွဲ့ကြီး (UNESCO)တို့လို ကုလသမဂ္ဂ အေဂျင်စီတွေကနေလည်း နုတ်ထွက်ခဲ့ပါတယ်။
ကုလသမဂ္ဂဟာ အခုနှစ်အတွက် ထည့်ဝင်မယ့် ဒေါ်လာ ၇၆၇ သန်း၊ အရင်နှစ်တွေက ကြွေးကျန်တွေ အပါအဝင် ကုလသမဂ္ဂအတွက် ဒေါ်လာ ၂.၁၉၆ ဘီလီယံ ပေးချေဖို့ ရှိနေတယ်လို့လည်း အမည်မဖော်လိုတဲ့ ကုလသမဂ္ဂ အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်တွေ အတွက်လည်း အမေရိကန်က သီးခြားထောက်ပံ့ပေးရမယ့် ဒေါ်လာ ၁.၈ ဘီလီယံ ကျန်နေဆဲလို့ ဆိုပါတယ်။ အမေရိကန်လိုပဲ ကုလသမဂ္ဂကို ကတိပေးထားတဲ့ ငွေကြေးထောက်ပံ့မှုတွေ ပျက်ကွက်နေတဲ့ နောက်တစ်နိုင်ငံက ဗင်နီဇွဲလားဖြစ်ပြီး ဒေါ်လာ ၃၈ သန်း အကြွေးတင်နေတယ်လို့ အဲဒီ အရာရှိက ဆိုပါတယ်။ လောလောဆယ်တော့ ဗင်နီဇွဲလားဟာ သမ္မတ နစ်ကိုလက်စ် မာဒူရိုကို အမေရိကန်က ဝင်ရောက် ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်အပြီး နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ရုန်းကန်နေရပါတယ်။
ဂူတာရက်စ်က နောက်ထပ် လိုအပ်ချက် တစ်ခုအဖြစ် ကုလသမဂ္ဂရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေကို မွမ်းမံပြောင်းလဲဖို့လည်း လိုအပ်ကြောင်း ထောက်ပြခဲ့ပါတယ်။ စည်းမျဉ်းတွေအရ ကုလသမဂ္ဂဟာ ကတိပြုထားတဲ့ ပုံမှန် ထောက်ပံ့ငွေတွေကို တကယ် မရခဲ့ရင်တောင်မှ ပုံမှန်ဘတ်ဂျတ်တွေရဲ့ ပိုငွေတွေကို အဖွဲ့ဝင် နိုင်ငံတွေဆီ ပြန်ပေးအပ်ရမယ် ဆိုတာမျိုး သတ်မှတ်ထားပါတယ်။
လက်ရှိ အခြေအနေတွေကို သူ့အနေနဲ့ တမင်ချဲ့ကားပြီး ပြောနေတာမျိုး မဟုတ်ကြောင်း၊ ကုလသမဂ္ဂဟာ ဝင်ရောက်မလာတဲ့ ငွေကြေးတွေကို သုံးစွဲလို့ မရသလို ဘယ်တုန်းကမှ လက်ခံမရရှိခဲ့တဲ့ ငွေတွေကိုလည်း ပြန်အမ်းနိုင်စွမ်း မရှိကြောင်း သူက ပြောကြားသွားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးရုံးကတော့ ဂူတာရက်စ်ရဲ့ စကားနဲ့ပတ်သက်လို့ လတ်တလော ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ကိုးကား: Reuters
ဓာတ်ပုံ – Reuters