Breaking News- မြန်မာနိုင်ငံသားများအတွက် ယာယီခိုလှုံနေထိုင်ခွင့်-TPS ရပ်ဆိုင်းလိုက်သော အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းတားဆီးသည့် အမိန့် ဖက်ဒရယ်တရားရုံးက ထုတ်ပြန်

Breaking News- မြန်မာနိုင်ငံသားများအတွက် ယာယီခိုလှုံနေထိုင်ခွင့်-TPS ရပ်ဆိုင်းလိုက်သော အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းတားဆီးသည့် အမိန့် ဖက်ဒရယ်တရားရုံးက ထုတ်ပြန်
ရန်ကုန်၊ ဇန်နဝါရီ ၂၄
အမေရိကန် ဖက်ဒရယ်တရားရုံးက မြန်မာနိုင်ငံသားများအတွက် ယာယီခိုလှုံနေထိုင်ခွင့်- Temporary Protected Status (TPS) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှစ၍ ရပ်ဆိုင်းမည်ဆိုသော အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်ကို ယာယီ ရွှေ့ဆိုင်းရန် ယနေ့အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
Illinois ပြည်နယ် မြောက်ပိုင်းခရိုင် ဖက်ဒရယ်တရားရုံး၏ အမိန့်အရ TPS ဖြင့်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများအနေဖြင့် အမှုကို အပြီးသတ်ဆုံး ဖြတ်ချက် မချမချင်း လက်ရှိ အခြေ အနေအတိုင်း ဆက်လက်နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်နှင့် ပြန်ပို့ခြင်းမှ ကာကွယ်မှုများကို ခံစားခွင့်ရှိမည် ဖြစ်ကြောင်း အမေရိကန် ဖက်ဒရယ်တရားသူကြီး Matthew F. Kennelly လက်မှတ်ရေးထိုးသော တရားရုံးအမိန့်စာတွင် ဖော်ပြထားသည်။
အမေရိကန်တွင် TPS ဖြင့် နေထိုင်နေသော မြန်မာနိုင်ငံသား ၆ ဦးက အမေရိကန်အစိုးရ၏ ယာယီခိုလှုံခွင့်-TPS ရပ်ဆိုင်းမှုနှင့်ပတ်သက်၍ ပြန်လည်မဖြေရှင်းနိုင်သော ထိခိုက်နစ်နာမှုများ ဖြစ်စေကြောင်း တရားရုံးသို့ တင်ပြခဲ့ပြီးနောက် တရားရုံးကလည်း အဆိုပါအချက်ကို လက်ခံကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်သည် Administrative Procedure Act (APA) ကို ချိုးဖောက်နိုင်သည့် အလား အလာရှိကြောင်း တရားရုံးက သုံး သပ်ခဲ့သည်ဟု သိရှိရသည်။
တရားရုံး၏ ထုတ်ပြန်လိုက်သော အမိန့်အရ အမေရိကန်အစိုးရ၏ မြန်မာများအတွက် TPS ရပ်ဆိုင်းမှုအမိန့်မှာ ယာယီပျက်ပြယ်ကာ TPS အောက်တွင် ထုတ်ပေးထားသော အလုပ်လုပ်ခွင့်လက်မှတ် (EAD) များသည်လည်း ရွှေ့ဆိုင်းကာလအတွင်း သက်တမ်းရှိနေဆဲ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါအမှုကို ဆက်လက်ကြားနာသွားမည်ဖြစ်ပြီး၊ တရားရုံး၏ နောက်ဆုံး ဆုံး ဖြတ်ချက် မချမှတ်သည့်အချိန်အထိ ယာယီခိုလှုံခွင့်-TPSဖြင့် နေထိုင်သော မြန်မာနိုင်ငံသားများအားလုံး လက်ရှိအခွင့်အရေးများအတိုင်း အမေရိကန်တွင် ဆက်လက်နေထိုင်ခံစားနိုင်မည် ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- အမေရိကန်ပြည်ထောင်စု၊ Northern District of Illinoisမှ ဖက်ဒရယ်တရားသူကြီး Matthew F. Kennelly ။